အီသီယိုးပီးယားနိုင်ငံသား ၁၃၈ ဦးအပါအဝင် လူကုန်ကူးခံရသူ ကျားဖြန့်လုပ်သား ၂၆၁ ဦးကို DKBA က ထိုင်းအာဏာပိုင်ထံ လွှဲပြောင်းပေး
- BVJ

- Feb 13
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၁၂ ၊ ၂၀၂၅

မြန်မာနိုင်ငံ မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေမှာ အဓမ္မ ခိုင်းစေခံနေရတဲ့ နိုင်ငံခြားသား ၂၆၁ ဦးကို ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)က ထိုင်းအာဏာပိုင်တွေ လွှဲပြောင်းပေးခဲ့ပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၄ နာရီဝန်းကျင်မှာ နိုင်ငံပေါင်း ၂၀ က နိုင်ငံခြားသားအမျိုးသား ၂၂၁ ဦးနဲ့ အမျိုးသမီး ၃၉ ဦးကို DKBA တပ်ဖွဲ့က ထိုင်းနယ်ခြားစောင့်အထူးတပ်ဖွဲ့၊ ထိုင်းနယ်ခြား စောင့်ရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာအာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး ထိုင်းအာဏာပိုင်တွေက စစ်ကား ၉ စီးနဲ့ ခေါ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
DKBA က ထိုင်းဘက် လွှဲပြောင်းပေးခဲ့သူတွေထဲမာ အီသီယိုပီးယားနိုင်ငံသားတွေက အများဆုံး ဖြစ်ပြီး ၁၃၈ ဦးအထိပါဝင်ပါတယ်။ အခြားနိုင်ငံသားတွေကတော့ ဖိလစ်ပိုင် ၁၆ ဦး၊ ကင်ညာ ၂၃ ဦး၊ တန်ဇန်နီးယား ၁ ဦး၊ ဘရာဇီးလ် ၂ ဦး၊ ပါကစ္စတန် ၁၂ ဦး၊ ဘင်္ဂလားဒေ့ရှ် ၂ ဦး၊ နီပေါလ် ၇ ဦး၊ ကမ္ဘောဒီးယား ၁ ဦး၊ သီရိလင်္ကာ ၁ ဦး၊ ယူဂန္ဓာ ၆ ဦး၊ ထိုင်ဝမ် ၇ ဦး၊ လာအို ၆ ဦး၊ အင်ဒိုနီးရှား ၈ ဦး၊ ဘရွန်ဒီ ၂ ဦး၊ နိုင်ဂျီးရီးယား ၁ ဦး၊ ဂါနာ ၁ ဦး၊ အိန္ဒိယ ၁ ဦး၊ မလေးရှား ၁၅ ဦးနဲ့ တရုတ်နိုင်ငံသား ၁၀ ဦးတို့ ပါဝင်ပါတယ်။
DKBA ကနေတဆင့် ထိုင်းအာဏာပိုင်တွေဘက်ကို လွှဲပြောင်းပေးခဲ့တဲ့ ကျားဖြန့်လုပ်သားတွေကို ထိုင်းအာဏာပိုင် တာဝန်ရှိသူတွေက လက်ခံရရှိခဲ့ပြီး သက်ဆိုင်ရာနိုင်ငံ သံရုံးတွေကနေတဆင့် ချိတ်ဆက်ဆောင်ရွက်ပြီး ပြန်ပို့နိုင်ဖို့အတွက် စီစဉ်သွားမယ်လို့ သိရပါတယ်။
တရုတ်အစိုးရရဲ့ ဖိအားပေးမှုနဲ့အတူ ကျားဖြန့်ဂိုဏ်း နှိမ်နင်းရေးကို ထိုင်းအစိုးရက အလေးထားလုပ်ဆောင်နေပြီး လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူအပါအဝင် ၃ ဦးကို ဖမ်းဝရမ်းထုတ်ဖို့ ပြင်ဆင်လုပ်ဆောင်နေတာတွေလည်း ရှိနေပါတယ်။
DKBA နဲ့ BGF တပ်ဖွဲ့တွေကလည်း သူတို့ ထိန်းချုပ်နယ်မြေတွေထဲမှာရှိနေတဲ့ ကျားဖြန့်ဂိုဏ်းတွေနဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေကို နှိမ်နင်းရှင်းလင်းသွားမယ်လို့ ပြောဆိုထားပြီး ကျားဖြန့်ဂိုဏ်းအတွင်း အဓမ္မခိုင်းစေခံရသူတွေလည်း လွှဲပြောင်းပေးအပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။



















Comments