အိုးဘိုထောင်တွင်း နိုင်ငံရေးအကျဉ်းသူ ဒေါ်စန်းရီ သေဆုံးခဲ့မှုကို စစ်ကောင်စီ ဖုံးကွယ်ထား
- BVJ

- Feb 25
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၅

မန္တလေး အိုးဘိုထောင်မှာ မတရားအကျဉ်းကျခံနေရတဲ့ အသက် ၆၅ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ ဒေါ်စန်းရီ သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဖုံးကွယ်ထားသလို ဒေါ်စန်းရီ အကျဉ်းထောင်အတွင်းရှိနေပြီး ဆေးဝါးကုသမှုခံယူနေတယ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
အိုးဘိုအကျဉ်းထောင်မှာ မတရားထောင်ဒဏ် ၂၂ နှစ် ချမှတ်ခံထားရတဲ့ ဒေါ်စန်းရီဟာ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရရှိခဲ့တာကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) နဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့က Burma VJ ကို အတည်ပြုပြောထားပါတယ်။
“ဒေါ်စန်းရီက ထောင်ထဲမှာ ဆုံးသွားတာ မှန်ပါတယ်။ မိသားစုဆီကို ထောင်ကနေ အကြောင်းကြားထားတယ်လို့ ပြောပါတယ်။ သူက ကျန်းမာရေးကတော့ နဂိုကတည်းက မကောင်းဘူးပေါ့။ ဒါပေမဲ့ ထောင်ထဲမှာဖြစ်တဲ့အခါကျတော့ နဂိုကျန်းမာရေးမကောင်းလို့ သောက်နေရတဲ့ဆေးတွေက ထောင်ထဲမှာ အမြဲသောက်နေလို့ မရဘူးပေါ့။ ထောင်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကလည်း အင်မတန်ညံ့ဖျင်းတဲ့အခါကျတော့ ဒေါ်စန်းရီက ဆုံးပါးသွားတာ ဟုတ်ပါတယ်” လို့ AAPP တာဝန်ခံတစ်ဦးဖြစ်သူ ကိုအောင်မျိုးကျော်ကလည်း အတည်ပြုပြောပါတယ်။
ဒေါ်စန်းရီ ထောင်တွင်း သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး PPNM ကလည်း သေဆုံးချိန်နဲ့ နေ့ရက်တွေကို အတည်ပြုခဲ့သလို ဒေါ်စန်းရီရဲ့ နာရေးကိစ္စတွေကို သက်ဆိုင်သူတွေက ပြုလုပ်ပြီးချိန်မှ အတည်ပြု ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့လည်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီ ထုတ်ပြန်မှုဟာ သူတို့ရဲ့ လိမ်လည်ဖုံးကွယ်မှုတစ်ခုသာဖြစ်တယ်လို့လည်း ဆိုပါတယ်။
“ဒါကတော့ သူတို့ရေးတဲ့ဟာပေါ့။ ကျွန်တော်တို့ကတော့ ဆုံးတဲ့နေ့ရော၊ အချိန်ရော ပြောထားပြီးပြီဖြစ်တော့လေ။ ဒီလိုပါပဲ သူတို့ကတော့ ငြင်းနေကြပဲဆိုတော့။ ပုံမှန်အားဖြင့်ဆိုရင်တော့ ရောဂါနဲ့ဆုံးတယ်လို့တော့ ပြောလေ့ရှိတာပေါ့။ ဒါပေမဲ့ ဒီတစ်ခေါက် သူတို့ ရှင်းလင်းချက်ကတော့ မတူတဲ့ပုံစံတော့ တွေ့ရတယ်။ ကျွန်တော်တို့က အဲသလိုဖြစ်မှာဆိုတော့သိလို့ နာရေးတွေ လုပ်ပြီးမှ သေချာထုတ်ပြန်ထားတာ။ သူတို့ (စစ်ကောင်စီ) ကတော့ လိမ်တာကတော့ လိမ်မှာပဲ” လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်မှာ နေထိုင်တဲ့ ဒေါ်စန်းရီ နေအိမ်မှာရှိနေချိန် စစ်ကောင်စီက ၂၀၂၁ ဧပြီ ၂၂ ရက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။ ချမ်းမြသာစည်မြို့နယ် အမှတ် ၁၀ ရဲစခန်းကို ဗုံးဖောက်ခွဲပြုလုပ်ခဲ့တဲ့ လူငယ် ၃ ဦးကို ဝှက်ပေးထားခဲ့တဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေါ်စန်းရီကို ဖမ်းဆီးခဲ့တာဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) / ပုဒ်မ ၅၀ (ည) တို့နဲ့ ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒေါ်စန်းရီဟာ သွေးတိုး၊ ဆီးချို၊ နှလုံးနဲ့ အသည်းရောဂါတို့ကို ခံစားနေရပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်း မခံရချိန်ကတည်းက ဆေးဝါးကုသမှု ခံယူနေရတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရပြီးနောက်ပိုင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရရှိခဲ့သလို လိုအပ်တဲ့ ဆေးဝါးတွေကိုလည်း အမြဲသောက်သုံးခွင့်မရရှိခဲ့ရတာကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။
အခုလ ဖေဖော်ဝါရီ ၁၈ ရက်ကလည်း အိုးဘိုအကျဉ်းထောင်အတွင်းမှာ မတရားအကျဉ်းကျခံနေရတဲ့ ကိုအောင်ထွန်း ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရရှိခဲ့တာကြောင့် သေဆုံးခဲ့ပြီး ကိုအောင်ထွန်းရဲ့အလောင်းကို မိသားစုထံ ပြန်သယ်ခွင့်မပေးခဲ့ဘူးလို့လည်း သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွင်း ကျန်းမာရေးဆေးဝါးကုသမှု အလုံအလောက်မရရှိခဲ့တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်နဲ့ NLD အစိုးရလက်ထက် လျှပ်စစ်ဝန်ကြီးဟောင်း ဦးဝင်းခိုင်နဲ့ မှတ်တမ်းရုပ်ရှင် ဖန်တီးသူ ကိုဖေမောင်စိမ်းတို့အပါအဝင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။







Comments