အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) နှိမ်နင်းဖို့ “ဇင်ယော်” စစ်ဆင်ရေးဖော်ဆောင်မည်
- BVJ

- Jan 23
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၂၂ ၊ ၂၀၂၅

အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) စစ်ဆင်ရေး အခုနှစ် ဒုတိယပိုင်းကို သင့်လျော်တဲ့အချိန်မှာ စတင်သွားမယ်လို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ “ဇင်ယော်” ပူးပေါင်း လှုပ်ရှားမှု ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးမှာ ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်လာပါတယ်။
ကူမင်းမြို့ လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုစင်တာ (LMLECC) မှာ မနေ့ ဇန်နဝါရီလ ၂၁ ရက်က ကျားဖြန့်နှိမ်နင်းရေး ဒုတိယပိုင်းအတွက် အစည်းအဝေးလုပ်ဆောင်ခဲ့ပြီး ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတို့က ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC)၊ အာဆီယံရဲတပ်ဖွဲ့ စတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဖိတ်ကြားခဲ့တယ်လို့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇင်ယော်စစ်ဆင်ရေး လှုပ်ရှားမှုတွင် ကျားဖြန့်လုပ်ငန်းနဲ့ လက်နက်ခဲယမ်းမှောင်ခိုမှု တိုက်ဖျက်ရေးတို့ကို လုပ်ဆောင်နိုင်ခဲ့ပြီး ဒေသတွင်းနိုင်ငံတွေရဲ့ ကာကွယ်ရေးနဲ့ တည်ငြိမ်မှုကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတို့က ပြည်ထဲရေးနဲ့ ကာကွယ်ရေးက ကိုယ်စားလှယ်တွေဟာ ၂၀၂၃ ဩဂုတ်လလယ်ပိုင်းက ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းသွားမယ်လို့ တရုတ်က ထုတ်ပြန်ခဲ့ပါသေးတယ်။
၂၀၂၃ ခုနှစ် စက်တင်ဘာလက စတင်ခဲ့တဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု နှိမ်နင်းမှု စစ်ဆင်ရေးတွင် ဒေသတွင်း နိုင်ငံ ၆ နိုင်ငံတို့က ကျားဖြန့်လုပ်ငန်း ရာဇဝတ်မှုပေါင်း ၁၆၀ ကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး တရားခံပေါင်း ၇ သောင်းကျော် ဖမ်းဆီးနိုင်ခဲ့ကာ ပြည်သူ ၁၆၀ ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ ဇန်နဝါရီ ၂၁ ရက်က ကူမင်းမြို့ (LMLECC) မှာ ကျင်းပခဲ့တဲ့ ၆ နိုင်ငံ အစည်းအဝေးတွင် “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ဒုတိယအပိုင်းကို အခုနှစ်တွင် သင့်လျော်တဲ့အချိန်မှာ စတင်သွားမှာဖြစ်သလို ကျားဖြန့်လုပ်ငန်းနဲ့ ကွင်းဆက်ရာဇဝတ်မှုတွေကိုလည်း အလေးထား တိုက်ဖျက်သွားမယ်လို့ ဆိုပါတယ်။
၂၀၂၃ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာလည်း ဒေသတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်နွယ်ပတ်သက်သူတွေကို အမြတ်ပြတ် နှိမ်နင်းသွားမယ်လို့ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့အပြီး စစ်ဆင်ရေးများ ဖော်ဆောင်ကာ ဖမ်းဆီးရမိသူတွေကို တရုတ်ဘက် လွှဲအပ်ခဲ့ပါသေးတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တရုတ်နယ်စပ်တစ်လျှောက် ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းခဲ့ပေမဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာနယ်စပ် မြဝတီမြို့မှာ ကျားဖြန့်ဂိုဏ်းနဲ့ လူကုန်ကူးမှုတွေ ပိုမိုကြီးထွားလာပြီး ဒေသတွင်း ပြည်သူတွေနဲ့ ကမ္ဘာလှည့်ခရီးသွားအပေါ် ခြိမ်းခြောက်မှုတွေ ရှိလာတာဖြစ်ပါတယ်။















Comments