အွန်လိုင်းကနေထိုင်းစာသင်တဲ့ မြန်မာနိုင်ငံသားဆရာမ ဖမ်းဆီးခံရ
- BVJ

- Apr 24
- 1 min read
BVJ- ဧပြီလ ၁၉ရက် ၂၀၂၅

ထိုင်းနိုင်ငံ စမတ်စခွန်ခရိုင်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတစ်ဦးကို စမတ်စခွန် လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ ရဲတပ်ဖွဲ့တို့က ဒီနေ့ ဧပြီ၁၉ရက်မှာဖမ်းဆီးခဲ့တယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးက သတင်းထုတ်ပြန်ပါတယ်။
သတင်းထုတ်ပြန်ချက်အရ ဖမ်းဆီးခံရတဲ့ ဆရာမရဲ့ အမည်ဟာ မအိအိဖြိုးဖြစ်ပြီး မြန်မာနိုင်ငံသား ဆရာမဟာ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေအတွက် ပြဌာန်းထားတဲ့ ဥပဒေကိုချိုးဖောက်ကာ လူမှုကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ Facebook နဲ့ Zoom တို့ကို အသုံးပြုကာ စာသင်ခဲ့တဲ့အပြင် သင်တန်းသားတစ်ဦးကို သင်တန်းကာလ နှစ်လစာ ဘတ် ၁၅၀၀ နှုန်းကောက်ခံပြီး သင်ကြားခဲ့တာကြောင့် ဖမ်းဆီးအရေးယူခံခဲ့တယ်လို့ ဖော်ပြပါတယ်။
ဖမ်းဆီးခံရသူဟာ လူမှုကွန်ရက်စာမျက်နှာမှာ လူသိများသူဖြစ်ပြီး Followers အများအပြားရှိတာမို့ သတိထားမိခဲ့တာ ဖြစ်ကြောင်း၊ အလုပ်သမားအဖြစ် နေထိုင်ခွင့်ကို ချိုးဖောက်ပြီး စာသင်ခဲ့တာကြောင့် တရားစွဲဆိုမှုကို မြန်မြန်ဆန်ဆန်လုပ်ဆောင်ပြီး နေထိုင်ခွင့်ပယ်ဖျက်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ လူဝင်မှု ကြီးကြပ်ရေးအရာရှိက ပြောခဲ့တယ်လို့ စမတ်စခွန် အခြေစိုက် လူမှုကွန်ရက်သတင်းစာမျက်နှာ กาคาบข่าว ออนไลน์ မှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေနဲ့ ပတ်သတ်တဲ့ဥပဒေကို တင်းတင်းကျပ်ကျပ် ပြဌာန်းထားပါတယ်။ ခွင့်ပြုထားတဲ့ အလုပ်ကို မလုပ်ကိုင်ဘဲ တခြားအလုပ်ကို လုပ်ကိုင်နေရင် ပြဌာန်းထားတဲ့ ပုဒ်မ ၈ ကို ချိုးဖောက်တာဖြစ်လို့ ဒဏ်ငွေအဖြစ် ဘတ် ၅၀၀၀ မှ ဘတ်ငွေ ၅၀,၀၀၀ ထိ ဆောင်ရနိုင်ပါတယ်။
ပြစ်ဒဏ်ကို တစ်ကြိမ်ထက် ပိုကျူးလွန်ခဲ့ရင်လည်း ဒဏ်ငွေ ဘတ် ၅၀,၀၀၀ ကနေ ဘတ် ၂၀၀,၀၀၀ ထိ ဒဏ်တပ်ခံရနိုင်တဲ့အပြင် ထောင်ဒဏ်တစ်နှစ်နဲ့ ပြည်ဝင်ခွင့် ၃နှစ်အထိ ပိတ်ပင်ခံရနိုင်ပါတယ်။







Comments