အာဏာသိမ်းစစ်ကောင်စီလက်ချက်နဲ့ ကလေးသူငယ် ၇၃၄ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ အေအေပီပီထုတ်ပြန်
- BVJ

- Mar 4
- 1 min read
BVJ/Moore _ မတ် ၁ ၊ ၂၀၂၅

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) အဖွဲ့က ဒီနေ့ အတည်ပြုထုတ်ပြန်ထားတဲ့စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လေးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီက သတ်ဖြတ်ခဲ့တဲ့ ကလေးသူငယ်အရေအတွက်ဟာ ၇၃၄ ဦးရှိသွားပြီလို့ သိရပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ စစ်ကောင်စီရဲ့ ပစ်ခတ် တိုက်ခိုက်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုအတွင်း နိုင်ငံတစ်ဝန်း သေဆုံးခဲ့သူများထဲတွင် အမျိုးသမီး ၁၄၆၀ နဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၇၃၄ ဦး ပါဝင်ခဲ့ပါတယ်။ အသက်ဆုံးရှုံးခဲ့တဲ့ ကလေးသူငယ် ၇၃၄ ဦးထဲမှာ အသက် ၁၀ နှစ်အောက် ကလေးငယ် ၃၀၀ နီးပါးအထိ ရှိနေပါတယ်။
ဒါ့အပြင် လက်ရှိအချိန်ထိ နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူပေါင်း ၂၈၇၁၂ ထက်မနည်းရှိခဲ့ပြီး ၅၈၆၁ ဦးမှာ အမျိုးသမီးတွေဖြစ်ကာ ၅၉၇ ဦးက အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေဖြ စ်တယ်လို့လည်း AAPP ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာ လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ ၁၆၈ ဦးထဲတွင် အပြစ်မဲ့ကလေးငယ် ၄၀ ဦးအထိရှိခဲ့သလို ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်ကောင်စီ တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေး ၇ ဦးအပါအဝင် ၁၃ ဦး သေဆုံးကာ ကလေး ၁၇ ဦး၊ ဆရာမ ၁ ဦးနဲ့ ဒေသခံပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီက အရပ်သားပြည်သူတွေ နေထိုင်ရာ မြို့နယ်၊ ရပ်ကွက်တွေကိုလည်း ပစ်မှတ်ထား လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး စစ်ဘေးရှောင်စခန်း တွေကိုလည်း ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ရှိနေခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၅ ရက်နဲ့ နိုဝင်ဘာ ၁၈ ရက်တို့က စစ်ကောင်စီ ၂ ကြိမ်တိုင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းအစပ် ဖယ်ခုံမြို့နယ် လအိကျေးရွာ ဘန်ကောက်စစ်ဘေးရှောင် တိုက်ခိုက်ခံရမှုအတွင်း ကလေး ၈ ဦးအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၁၀ ဦး သေဆုံးခဲ့ပါသေးတယ်။
AAPP က အတည်ပြုထားတဲ့ နိုင်ငံတစ်ဝန်း အရပ်သား သေဆုံးခဲ့သူ ၆၀၀၀ ကျော်ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးများကလည်း သတ်ဖြတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီနဲ့ ပျူစောထီးတို့ ဖမ်းဆီးခဲ့ပြီးနောက် နှိပ်စက်ခံရပြီး သေဆုံးခဲ့သူ ၂၀၀၃ ဦးအထိ ရှိနေတယ်လို့လည်း သိရပါတယ်။





















Comments