အာဆီယံနဲ့အတူလက်တွဲပြီး ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းသွားမယ်လို့ တရုတ် ပြော
- BVJ

- Jan 17
- 1 min read
BVJ/Moore _ ဇန်နဝါရီ ၁၇ ၊ ၂၀၂၅

အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ လောင်းကစား (ကျားဖြန့်) လုပ်ငန်းတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းဖို့ မနေ့ ဇန်နဝါရီ ၁၆ ရက်မှာ အာဆီယံနိုင်ငံတွေက သံတမန်တွေနဲ့ တွေ့ဆုံချိန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောကြားခဲ့ပါတယ်။ ကျားသက်ဆိုင်ရာနိုင်ငံတွေအနေနဲ့လည်း ဒေသတွင်း ရာဇဝတ်မှုတွေ တိုက်ဖျက်ဖို့အတွက် တာဝန်ယူမှုရှိရမယ်လို့လည်း ဝမ်ယီက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ကျားဖြန့်လုပ်ငန်းနဲ့ဆက်စပ်တဲ့ လူကုန်ကူးခံရမှုအခြေအနေတွေ ခပ်စိတ်စိတ် ဖြစ်နေချိန် ဒေသတွင်းမှာရှိတဲ့ နိုင်ငံသားတွေအပြင် တရုတ်နိုင်ငံသားတွေနဲ့ အခြားနိုင်ငံသားတွေအတွက်လည်း စိုးရိမ်မှုနဲ့ ခြိမ်းခြောက်မှုအန္တရာယ်တွေလည်း ဖြစ်ပေါ်စေတယ်လို့ ဝမ်ယီက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ပြောပါတယ်။

တရုတ်နိုင်ငံ ပေကျင်းမြို့မှာ မနေ့ ဇန်နဝါရီ ၁၆ ရက်က ပြုလုပ်တဲ့ တရုတ် - အာဆီယံအစည်းအဝေးမှာ အာဆီယံနိုင်ငံ သံတမန်တွေနဲ့ တွေ့ဆုံခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပါအဝင် ပြည်သူတွေရဲ့ ခရီးသွားလာမှု လုံခြုံစိတ်ချရစေဖို့ ကျားဖြန့်လုပ်ငန်းတွေကို အာဆီယံနိုင်ငံတွေနဲ့အတူ လက်တွဲပြီး ပြင်းပြင်းထန်ထန် နှိမ်နင်းသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောကြားခဲ့ပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေအတွင်းမှာ လူကုန်ကူးမှုနဲ့ ကျားဖြန့်လုပ်ငန်းခြိမ်းခြောက်မှုအန္တရာယ် ကြီးထွားလာမှုအပေါ် တရုတ်အစိုးရက စိုးရိမ်မှုမြင့်တက်စေခဲ့ပြီး လုံခြုံရေးပူးပေါင်းဆောင်ရွက်ဖို့အတွက်ကိုလည်း အလေးပေးလုပ်ဆောင်လာတာဖြစ်ပါတယ်။ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ထိုင်း-မြန်မာအပါအဝင် အာဆီယံ ၁၀ နိုင်ငံတွေက တာဝန်ရှိသူတွေနဲ့ ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းလုပ်ဆောင်မှု ပိုမိုအားကောင်းလာစေဖို့အတွက် တရုတ်ကလည်း အရေးပေါ် လုပ်ဆောင်ရမယ့် အစီအစဉ်တွေကိုလည်း အကြံပြုထားပါတယ်။

အခုလဆန်းပိုင်းက တရုတ်မင်းသား ဝမ်ရှင်းအပါအဝင် ထိုင်းနိုင်ငံတွင်း လာရောက်လည်ပတ်တဲ့ တရုတ်ခရီးသည်တွေ လူကုန်ကူးခံရမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထိုင်းအစိုးရနဲ့ အာဏာပိုင်တွေက နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်မှုတွေ ပိုမိုအလေးထား လုပ်ဆောင်လာချိန် တရုတ်အစိုးရကလည်း အာဆီယံနိုင်ငံတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ထုတ်ပြောလာတာလည်း ဖြစ်ပါတယ်။
Ref: Reuters







Comments