top of page

အာဆီယံ တိကျပြတ်သားဖို့ NUGထုတ်ပြန်

  • Writer: Zayar Oo
    Zayar Oo
  • Mar 20
  • 1 min read

BVJ/မိုနာ_ မတ် ၂၀၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြိုရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို ၂၀၂၅၊ မတ်လ ၁၆ရက် ညနေ (၅း၃၀)အချိန်တွင် စစ်ကောင်စီတပ်လေကြောင်းဗုံးကြံပြီးနောက် မြင်တွေ့ရပုံ။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြိုရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို ၂၀၂၅၊ မတ်လ ၁၆ရက် ညနေ (၅း၃၀)အချိန်တွင် စစ်ကောင်စီတပ်လေကြောင်းဗုံးကြံပြီးနောက် မြင်တွေ့ရပုံ။

စစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့အတူ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကြောင့် နေ့စဥ်နဲ့အမျှ ကြီးမားတဲ့ဆင်းရဲဒုက္ခတွေကို မြန်မာပြည်သူလူထုကရင်ဆိုင်ကြုံတွေ့နေကြရတဲ့အတွက် စစ်ကောင်စီအပေါ် အာဆီယံအဖွဲ့ကတိကျပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေကို အရေးတကြီးလိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ မတ်လ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။


“အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုများ တိုးမြှင့်ကျူးလွန်လာမှုနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ချက်”မှာ အချက်(၅)ချက်ပါဝင်ပြီး အဲ့ဒီထဲမှာ နိုင်ငံတကာရဲ့အာရုံစိုက်မှုတွေဟာ ယူကရိန်းအရေးအပေါ်မှာသာ ဆက်ရှိနေရာ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ ပိုမိုဆိုးရွားလာသောအကျပ်အတည်းကို ဦးဆောင်ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အရေးပါတဲ့ အခွင့်အလမ်းတစ်ရပ် ရှိနေတယ်လို့လည်း ဖော်ပြပါတယ်။


စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ ဘုန်းကြီးကျောင်းကို မကြာသေးမီက လေကြောင်းတိုက်ခိုက်မှုနဲ့ နိုင်ငံအနှံ့ကျေးရွာတွေကို ဖျက်ဆီးမှုတွေရှိနေသလို စစ်အုပ်စုရဲ့ စစ်ရေးတိုက်ခိုက်မှုတွေကြောင့် ပြည်သူလူထုတွေဟာ နေအိမ်တွေကနေအတင်းအကျပ် စွန့်ခွါထွက်ပြေးနေကြရပြီး၊ စာသင်ကျောင်းနဲ့ ဆေးရုံကဲ့သို့သော အရေးကြီးအဆောက်အဦများ ဖျက်ဆီးခံရကာ ပြည်သူတွေဟာ အကြီးအကျယ် ဒုက္ခရောက်ကြရတယ်လို့ NUGက ပြောထားပါတယ်။


NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ၂၀၂၃ကနေ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့အထိ မှတ်တမ်းအရ စစ်အုပ်စုက အရပ်သားပြည်သူဆိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှု (၂,၁၉၀) ကြိမ် ပြုလုပ်ခဲ့ပြီး၊ အဲ့ဒီတိုက်ခိုက်မှုများကြောင့် ကလေးသူငယ်ပေါင်း (၃၇၂) ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။


မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်တို့ရှိ ဘာသာရေးဆိုင်ရာနေရာတွေနဲ့ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေမှုတွေဟာ မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်း ဆိုးရွားလျက်ရှိတဲ့ အခြေအနေကို ဖော်ပြလျက်ရှိတာကြောင့် မြန်မာပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖိုနဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူတွေကို ထိန်းသိမ်းဖို့အတွက် ခိုင်မာ အားကောင်းပြီး စည်းလုံးညီညွတ်တဲ့ နိုင်ငံတကာ တုံ့ပြန်ဆောင်ရွက်ချက်တွေ အရေးတကြီး လိုအပ်နေတယ်လို့ NUGက ထုတ်ပြန်ပါတယ်။


ဒါကြောင့် အာဆီယံအဖွဲ့အနေနဲ့ အခုအချိန်မှာ ဘုံသဘောတူညီချက် (၅)ချက်ကို ကျော်လွန်ကာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒတွေနဲ့ကိုက်ညီတဲ့ မြန်မာပိုင်၊ မြန်မာဦးဆောင်သည့် လုပ်ငန်းစဉ်တစ်ရပ်ကို ပံ့ပိုးကူညီပေးနိုင်ဖို့ တိကျပြတ်သားတဲ့ ဆောင်ရွက်ချက်တွေချမှတ်ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေရှိနေကြောင်းနဲ့ ရဲရင့်ပြီး ထိရောက်တဲ့ ဆောင်ရွက်ချက်တွေကို ချမှတ်ဆောင်ရွက်ခြင်းအားဖြင့် အာဆီယံအနေနဲ့ လူ့အခွင့်အရေးနဲ့ ဒေသတွင်းလုံခြုံရေး အပေါ်ထားရှိတဲ့ ကတိကဝတ်တွေကို ဆက်လက် စောင့်ထိန်းဖို့လည်း NUGက တိုက်တွန်းထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page