အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းမှာ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည် အမည်ပါဝင်နေမှုဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်လို့ NUG ပြော
- BVJ

- Feb 15
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၁၅ ၊ ၂၀၂၅

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့တဲ့ ၂၅ ဦးစာရင်းထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ ပါဝင်နေတာဟာ မှားယွင်းနေပြီး ဒါဟာ မဖြစ်သင့်တဲ့ကိစ္စသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးက ဒေါ်ဇင်မာအောင်က ပြောပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ၂၃ ဦးနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်၊ ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံး ဗျူရိုအေးရီးစ်က ဖမ်းဝရမ်းထုတ်ထားကြောင်းကို Burmese Rohingya Organisation - UK (BROUK) က မနေ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
“အမှန်တကယ်ပြစ်မှု ကျူးလွန်သူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ တရားဥပဒေအရ ထိုက်သင့်သော ပြစ်ဒါဏ်ပေးခံရမှာကို လိုလားပေမဲ့ နိုင်ငံတော် အတိုင်ပင်ခံနဲ့ အငြိမ်းစားသမ္မတတို့ အမည် မှားယွင်းစွာပါ၀င်နေခြင်းမှာ မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်လို့ ပြောကြားလိုပါတယ်” လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အတင်းအကျပ်နေရပ်စွန့်ခွာစေခဲ့တာတွေနဲ့ပတ်သက်ပြီး ၂၀၁၉ ခုနှစ်မှာ BROUK က တရားလိုပြုလုပ်ကာ မြန်မာစစ်ခေါင်းဆောင်တွေကို ဦးတည်ပြီး အာဂျင်တီးနား တရားရုံးမှာ တိုင်ကြားခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါ ဗိုလ်ချုပ်တွေကို တရားစီရင်နိုင်ဖို့ ဖမ်းဝရမ်းထုတ်ပြန်တာနဲ့ပတ်သက်ပြီး NUG အစိုးရအနေနဲ့ ကြိုဆိုသလို အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့သူ စစ်ခေါင်းဆောင်တွေကို တရားဥပဒေအရ ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးခံရဖို့ကိုလည်း လိုလားတယ်လို့ ဆိုပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ အရေးယူ ဖမ်းဝရမ်းထုတ်တဲ့စာရင်းထဲ မထည့်ဖို့ BROUK အဖွဲ့က အာဂျင်တီးနား တရားရုံးကို တောင်းဆိုခဲ့ပေမဲ့ တရားရုံးရှေ့နေက လက်မခံဘဲ ၂၀၂၄ ခုနှစ် ဇွန်လ တရားရုံးကို တင်သွင်းလာတဲ့ လျှောက်လွှာမှာ ထည့်သွင်းခဲ့တာလည်းဖြစ်တယ်လို့ BROUK ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းစာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ ပါဝင်နေမှုနဲ့ပတ်သက်ပြီး BROUK အနေနဲ့ ဘယ်လိုဆက်လက်လုပ်ဆောင်သွားမလဲဆိုတာ သိရှိရနိုင်ဖို့အတွက် BROUK ရဲ့ ဥက္ကဌဖြစ်သူ ဦးထွန်းခင်ကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။







Comments