top of page

အမျိုးသမီးတွေအပေါ် ကျူးလွန်နေတဲ့ပြစ်မှုတွေနဲ့ပတ်သက်ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိရေး ထုတ်ပြန်

  • Writer: BVJ
    BVJ
  • Mar 8
  • 1 min read

BVJ/မိုနာ_ မတ် ၈၊ ၂၀၂၅


ဓာတ်ပုံ - အမျိုးသမီးများဦးဆောင်ပြီး ၂၀၂၂၊ မတ်လ ၈ရက်က ရန်ကုန်မြို့တွင် ဆန္ဒပြနေပုံ(ဓါတ်ပုံ-YRF)
ဓာတ်ပုံ - အမျိုးသမီးများဦးဆောင်ပြီး ၂၀၂၂၊ မတ်လ ၈ရက်က ရန်ကုန်မြို့တွင် ဆန္ဒပြနေပုံ(ဓါတ်ပုံ-YRF)

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ နည်းမျိုးစုံနဲ့ပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်မရှိ‌စေ‌ရေးအတွက် တာဝန်ယူ၊တာဝန်ခံမှုရှိလာအောင် စဉ်ဆက်မပြတ် စောင့်ကြည့်တိုက်တွန်းသွားမယ်လို့ ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ အမျိုးသမီးအဖွဲ့ ၂၅ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။


ပဋိပက္ခအတွင်း အမျိုးသမီးတွေအပေါ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ကျူးလွန်မှုတွေဟာ စစ်ရာဇဝတ်မှုဖြစ်ကြောင်းနဲ့ အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့အကြမ်းဖက်ခြင်း(ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်း၊ စီးပွားရေးပိုင်း၊ ထိခိုက်နစ်နာစေတဲ့ရိုးရာဓလေ့တွေနဲ့နည်းပညာအရ အကြမ်းဖက်ခြင်း) တို့ဟာ ဘယ်လိုမှသည်းခံခွင့်လွှတ်လို့မရတဲ့ လူသားအချင်းချင်းအပေါ် တန်ဖိုးမထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေဖြစ်တာကြောင့် စစ်ကောင်စီရဲ့ လူမဆန်စွာကျူးလွန်မှုတွေအတွက် ကျူးလွန်သူတွေကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပေးခြင်းမရှိအောင် နိုင်ငံတည်ဆောက်ဆဲကာလမှာ အလေးပေးဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။


ဒါ့အပြင် အမှန်တရားကိုမြတ်နိုးပြီး တရားမျှတမှုကိုလိုလားတဲ့ အရပ်ဘက်လူ့ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအစုအဖွဲ့တွေ၊ တော်လှန်ရေးအစုတွေက အမျိုးသားတွေနဲ့တော်လှန်ရေးတပ်သားတွေကပါ တော်လှန်ရေးသွေးစည်းမှုအကြောင်းပြ၊ ချစ်ခြင်းမေတ္တာအကြောင်းပြ၊ လုပ်ပိုင်ခွင့်၊ အသက်အရွယ်၊ လူမှုရေးပါဝါ၊ အာဏာနဲ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီး ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်၊ စော်ကားနှောက်ယှက်မှုနဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်နေတာဟာ တော်လှန်ရေးယုံကြည်မှု အခြေခံနဲ့ ပါဝင်နေတဲ့ အမျိုးသမီးတွေရဲ့လုံခြုံရေးကို အထူးထိခိုက်စေတဲ့အပြင် အဲ့ဒီလုပ်ရပ်တွေဟာ လွန်စွာစိတ်ပျက်ဖွယ် လုပ်ရပ်တွေဖြစ်တယ်လို့ ပြောထားပါတယ်။


ဒါ့ကြောင့် အကြမ်းဖက်ခံရမှုထုတ်ဖော်ပြောဆိုသူတွေနဲ့ လိုက်ပါကူညီဆောင်ရွက်နေသူတွေကို ပစ်မှတ်ထား ခြိမ်းခြောက်နေတာတွေကိုလည်း ချက်ခြင်းရပ်တန့်ဖို့ သတိပေးထားပါသေးတယ်။


အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ကျူးလွန်မှုတွေ ကျူးလွန်သူတွေကိုလည်း လူမှုရေးပြစ်ဒဏ်‌ပေးတဲ့အနေနဲ့ အလုပ်တွဲလုပ်ခြင်း၊ ဟောပြောပွဲဖိတ်ကြားခြင်း၊ နေရာပေးဆက်ဆံခြင်း၊ ဆက်သွယ်ဆက်ဆံခြင်းနဲ့အသိအမှတ်ပြုလုပ်ခြင်းတွေ လုံးဝ မလုပ်ဖို့ကိုလည်း အလေးအနက်တိုက်တွန်းထားပါသေးတယ်။


အခုထုတ်ပြန်ချက်ကို Equality Myanmar, Burmese Women’s Union, Women’s League of Burma, Women’s Organization of Political Prisoners စတဲ့ လူ့အခွင့်အရေးနဲ့အမျိုးသမီးအခွင့်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၂၅ဖွဲ့က ပူးတွဲထုတ်ပြန်တာဖြစ်ပြီး ဒီထုတ်ပြန်ချက်ဟာ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီဖက်က ကျူးလွန်မှုတွေ၊ ပြည်သူလူထုအချင်းချင်းကြား ကျူးလွန်မှုတွေအပြင် တော်လှန်‌ရေးအင်အားစုတွေက ကျုးလွန်မှုတိုင်ကြားချက်တွေကို စိစစ်ပြီး အကြမ်းဖက်ခံရသူအမျိုးသမီးတွေရဲ့ထွက်ဆိုချက်တွေကို ကြားနာပြီး သဘောထားထုတ်ပြန်ထားတာဖြစ်တယ်လို့ သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page