အမ်း-ပဒါန်းကားလမ်းအနီးမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ
- BVJ

- Jan 21
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၂၁ ၊ ၂၀၂၅

ရခိုင်ပြည်နယ် အမ်းမြို့နယ် အမ်း-ပဒါန်းကားလမ်းအနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ AA သတင်ပြန်ကြားရေးက မနေ့ ဇန်နဝါရီ ၂၀ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ် တပ်မ ၈၈၊ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းတွေအပါအဝင် မကွေးတိုင်း စစ်ကောင်စီ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တပ်ဖွဲ့တွေနဲ့ AA ပူးပေါင်းတပ်တို့ ကမြင်းကန်(ကံမြင်ကန်)ရွာ၊ ပိန်းရေစမ်းရွာနဲ့ ကြက်ရေစမ်းရွာအနီးဝန်းကျင်မှာ အခုလ ဇန်နဝါရီ ၁၁ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ အဲ့ဒီကျေးရွာသုံးရွာဟာ အမ်း-ပဒါန်းကားလမ်းမအနီး အမ်းမြို့နယ်နဲ့ မကွေးတိုင်းအစပ်က ကျေးရွာတွေလည်း ဖြစ်ပါတယ်။
အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို လက်လွှတ်ခဲ့ရပြီးနောက် ရခိုင်-မကွေးနယ်စပ်တစ်လျှောက် စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပေမဲ့ ထိခိုက်သေဆုံးမှုတွေ အများအပြားရှိခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း AA ပူးပေါင်းတပ်တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ရိုးမတောင်တန်းနဲ့ ရခိုင်-ပဲခူးအစပ်၊ ရခိုင်-ဧရာဝတီတိုင်းအစပ် ဒေသတွေကိုလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီ စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရရှိထားသလို ဆုတ်ခွာထွက်ပြေးသူတွေလည်း အများအပြားရှိနေတယ်လို့လည်း သိရပါတယ်။













Comments