အမ်းကထွက်ပြေးလွတ်မြောက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်ရှာနေ
- BVJ

- Jan 17
- 1 min read
BVJ/ယူဂရင်း _ ဇန်နဝါရီ ၁၇ ၊ ၂၀၂၅

ရခိုင်ပြည်နယ် အမ်းမြို့နယ်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) တို့ တိုက်ပွဲဖြစ်ပြီး (၁၂)ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ CDF-Asho က ဇန်နဝါရီ ၁၆ ရက်ရက်စွဲနဲ့ ကြေညာပါတယ်။
အခုလ ၁၃ ရက်နေ့မှာ အမ်းမြို့နယ် ကြက်ရေစမ်းရွာကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား(၅)ယောက်ကို မကွေးတိုင်း၊ ငဖဲမြို့နယ် ဂုတ်စည်းရိုးရွာနားမှာ တားဆီးပိတ်ဆို့ပြီး လက်နက်ချဖို့ပြောပေမယ့် အသာတကြည်လက်နက်မချတဲ့အတွက် (၂)ယောက်ကို ဒဏ်ရာတွေနဲ့ဖမ်းမိတယ်လို့ CDF-Ashoက သိရပါတယ်။
အဲ့ဒီဒဏ်ရာရ စစ်ကောင်စီတပ်သားနှစ်ယောက်ကို အချိန်မီဆေးကုပေးပေမယ့် သေဆုံးခဲ့တယ်လို့ CDF-Asho က ပြောထားပါတယ်။
နောက်တရက် ၁၄ ရက်နေ့မှာတော့ အမ်းမြို့နယ်၊ တောင်ဇောက်ရွာနား တိုက်ပွဲကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားအင်အား(၁၀၀)ခန့်ကို မကွေးတိုင်း၊ ငဖဲမြို့နယ် ရှောက်တောင်ရွာနား (က.ပ.စ-၁၄)နဲ့ မီတာနှစ်ထောင်ခန့်အကွာမှာ တားဆီးရာမှာ အသာတကြည်လက်နက်မချတဲ့အတွက် ထိတွေ့တိုက်ပွဲဖြစ်ပြီး (၃)ဦးသေဆုံးခဲ့တယ်လို့ CDF-Asho က ထုတ်ပြန်ပါတယ်။
အဲ့ဒီတိုက်ပွဲအပြီးမှာ ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ စစ်ကောင်စီတပ်သား(၈)ဦး ဖမ်းမိခဲ့ပြီး နှစ်ရက်အတွင်းမှာ စစ်ကောင်စီတပ်သား(၁၂)ဦးဖမ်းမိကာ လက်နက်ငယ် (၁၂)လက်၊ စိန်ပြောင်း(၁)လက်၊ခဲယမ်းနဲ့စစ်အသုံးအဆောင်ပစ္စည်းတွေလည်းရခဲ့တယ်လို့ ဆိုပါတယ်။
ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေကို နောက်ထပ်နယ်မြေရှင်းလင်းရေးလုပ်ပြီး ရှာဖွေနေတယ်လို့ သိရပါတယ်။







Comments