အနီရောင်အဆင့်သတ်မှတ်ပြီး မန္တလေးစျေးချိုတော် တောင်/ မြောက်တိုက်တန်းကြီး ဈေးအဆောက်အဦတွေကို ဖျက်သိမ်းမယ်
- BVJ

- Apr 24
- 1 min read
BVJ/ယူဂရင်း_ ဧပြီ ၂၁၊ ၂၀၂၅

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ မန္တလေးစျေးချိုတော် တောင်/ မြောက်တိုက်တန်းကြီး ဈေးအဆောက်အဦတွေကို အနီရောင်အဆင့်သတ်မှတ်ပြီး ဖျက်သိမ်းသွားမယ်လို့ စျေးအကျိုးတော်ဆောင်အဖွဲ့က မနေ့က ဧပြီ ၂၀ရက်မှာ အသိပေးထားပါတယ်။
မတ်လ ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့ အင်အား ၇.၇ငလျင်ကြောင့် မန္တလေးစျေးချိုတော်ရှိ မြောက်ဖက်တိုက်တန်းကြီး လေးထပ်အဆောက်အဦနဲ့ တောင်ဖက်တိုက်တန်းကြီး လေးထပ်အဆောက်အဦ တောင်ဖက်ခြမ်း အစိတ်အပိုင်းတွေ ပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့တာဖြစ်ပြီး အဆင့်မြင့်စျေးချိုတော် လေးထပ်ပင်မအဆောက်အဦကတော့ ထိခိုက်မရှိဘဲ ကြံ့ခိုင်မှုကောင်းမွန်တယ်လို့ သိရပါတယ်။
ဈေးချိုတော်ဧရိယာအတွင်းက ငလျင်ဘေးဒဏ်သင့် ဈေးရုံအသီးအသီးရဲ့ကြံ့ခိုင်မှုနဲ့ အန္တရာယ်ကင်းရှင်းရေးတို့အတွက် စစ်ကောင်စီခန့် သယံဇာတဝန်ကြီးဦးဆောင်တဲ့ စစ်ဆေးရေးအဖွဲ့၊
အိန္ဒိယနိုင်ငံ ဘေးအန္တရာယ်ကင်းရေးနဲ့ဖျက်သိမ်းရေးဆိုင်ရာ ကျွမ်းကျင်စစ်အင်ဂျင်နီယာအဖွဲ့တို့နဲ့ စစ်ဆေးပြီးနောက် စစ်ဆေးတွေ့ရှိချက်တွေအရ တောင်/ မြောက်တိုက်တန်းကြီး ဈေးအဆောက်အဦတွေကို အနီရောင်အဆင့်သတ်မှတ်ပြီးဖျက်သိမ်းသွားမှာဖြစ်တယ်လို့ စျေးအကျိုးဆောင်အဖွဲ့က ပြောထားပါတယ်။
အဆင့်မြင့်စျေးချိုတော် စျေးရုံကြီးကိုတော့ အခုလ ၂၄ရက်ကစပြီး ပုံမှန်အတိုင်းပြန်ဖွင့်သွားမယ်လို့ ကြေညာထားပါတယ်။







Comments