အဓမ္မစစ်မှုထမ်းခေါ်ဆောင်ခံရတဲ့ စစ်ကောင်စီတပ်သား ၃ ဦး ကော့သောင်း PDF ထံ အလင်းဝင်
- BVJ

- Apr 25
- 1 min read
BVJ/ထက်အောင် _ ဧပြီ ၂၅ ၊ ၂၀၂၅

တနင်္သာရီတိုင်း ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်က စစ်ကောင်စီတပ်သား ၃ ဦးဟာ အခုလ ဧပြီ ၂၀ ရက်နေ့က ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းထံ ဆက်သွယ်အလင်းဝင်ရောက်လာတယ်လို့ ထုတ်ပြန်လာပါတယ်။
ဘုတ်ပြင်းမြို့နယ် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သား နှစ်ဦးနဲ့ အမှတ် ၄၃၂ ခြေလျင်တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သား တစ်ဦးတို့ အလင်းဝင်လာတာဖြစ်ပါတယ်။
အလင်းဝင်ရောက်လာသူ သုံးဦးလုံးဟာ စစ်ကောင်စီ စစ်မှုထမ်း အပတ်စဉ် ၉ အတွက် အဓမ္မတပ်သားသစ် စုဆောင်းခံရသူတွေဖြစ်တယ်လို့လည်း ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းက ဖော်ပြထားပါတယ်။
ဘုတ်ပြင်းမြို့နယ် စကခ ၁၃ အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သား နှစ်ဦးက လက်နက်မဲ့ စခန်းစွန့်ခွာထွက်ပြေးလာတာဖြစ်ပြီး ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း ပူးပေါင်းစစ်ကြောင်းထံ အလင်းဝင်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။

အခြားစစ်ကောင်စီတပ်သားတစ်ဦးဖြစ်တဲ့ ခလရ ၄၃၂ မှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးကတော့ စစ်မှုထမ်းသင်တန်းဆင်းပြီးချိန် အမှတ် ၅၅၈ ခြေမြန်တပ်ရင်းကနေတဆင့် ခလရ ၄၃၂ ကို ပြောင်းရွှေ့ခံရပြီး ဘုတ်ပြင်းမြို့ ဘုန်းကြီးကျောင်းကို ရောက်ရှိချိန် ပြည်သူ့ရင်ခွင်ကနေတဆင့် ဆက်သွယ်အလင်းဝင်ရောက်လာတာလို့ ဖော်ပြထားပါတယ်။
အခု ဧပြီ ၁၇ ရက်နေ့ကလည်း ခလရ ၂၂၄ မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းသက် တစ်နှစ်ဝန်းကျင်ရှိနေပြီဖြစ်တဲ့ စစ်ကောင်စီတပ်သားတစ်ဦး စခန်းစွန့်ခွာထွက်ပြေးလာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၀၃ တပ်ခွဲ ၃ ထံ အလင်းဝင်ခဲ့ပါသေးတယ်။







Comments