အချုပ်သူတွေကိုလိင်အကြမ်းဖက်မှုနဲ့ တာဝန်ရပ်နားခံထားရသူတွေ ထွက်မပြေးဟု NUGပြော
- BVJ

- Feb 25
- 1 min read
BVJ/မိုနာ_ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အချုပ်ခန်းအတွင်းက အချုပ်သူတွေကို လိင်အကြမ်းဖက်မှုပြုလုပ်မှုနဲ့တိုင်ကြားခံထားရသူတွေ ထွက်ပြေးတယ်ဆိုတာမဟုတ်မှန်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။
ကန့်ဘလူအချုပ်ဆောင်အတွင်းက အချုပ်သူသုံးဦးကို လိင်အကြမ်းဖက်မှုပြုလုပ်တာကြောင့် တိုင်ကြားခံထားရတဲ့ NUGဝန်ထမ်းသုံးဦးကို တာဝန်ကနေယာယီရပ်စဲပြီး NUGက အမှုစစ်ဆေးနေကြောင်းကို ဦးကျော်ဇောက အခုလ ၁၈ရက်မှာ ထုတ်ပြောပြီးနောက်မှာ တိုင်ကြားခံရတဲ့ထဲက လူတချို့ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းထွက်ပေါ်လာတာပါ။
“တိုင်တန်းခံရသူတွေ ပျောက်ဆုံးနေပြီး ထွက်ပြေးနေတယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်ပါတယ်။ တိုင်ကြားခံရသူတွေအနေနဲ့ စုံစမ်းစစ်ဆေးရေးမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်လို့သိရှိရပါတယ်” လို့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက Burma VJကို ဒီနေ့ ဖေဖော်ဝါရီ ၂၅ရက်မှာ ပြောပါတယ်။
အချုပ်သူတွေကို လိင်အကြမ်းဖက်မှုနဲ့တိုင်ကြားခံထားရသူတွေထဲက ကန့်ဘလူခရိုင်နဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးမဲခေါင်နဲ့အတူ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုမှာပါဝင်သူ နောက်ထပ်တစ်ဦးတို့ဟာ အခုလ ၂၂ရက်နေ့လယ်ပိုင်းမှာ ရာထူးကနေယာယီရပ်နားပြီးနောက် အကျယ်ချုပ်အဖြစ်ထားရှိတဲ့နေရာကနေ ထွက်ပြေးလွတ်မြောက်သွားကြောင်းကို ကန့်ဘလူအခြေစိုက်PDFတပ်ရင်းတွေနဲ့နီးစပ်သူ၊ မြေပြင်ရဲဘော်၊ ပြည်သူတချို့ရဲ့ အတည်ပြုပြောဆိုချက်နဲ့ မြေလတ်အသံသတင်းက ဖော်ပြခဲ့တာပါ။

ဦးမဲခေါင်လွတ်မြောက်မှုနဲ့ပတ်သက်ပြီး Burma VJ အနေနဲ့ မြေပြင်ကိုသီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ကန့်ဘလူမြို့နယ်မှာ ပလဖအချုပ်စခန်း-၂ (C2)အချုပ်ဆောင်မှာဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ Non-CDM ကျောင်းသူတစ်ဦးနဲ့ အချုပ်သူအချို့ကို ကန့်ဘလူခရိုင် ပအဖ အဖွဲ့ခေါင်းဆောင်နဲ့စခန်းမှူးအဖြစ် တာဝန်ယူထားသူတို့က လိင်အကြမ်းဖက်မှုကျူးလွန်ခဲ့တာနဲ့ပတ်သက်ပြီး ကာယကံရှင်တွေက အမှုဖွင့်တိုင်ကြားခဲ့သလို အဆင့်ဆင့်တိုင်ကြားမှုတွေပြုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက နှစ်ကြိမ်သာစစ်ဆေးဖြေရှင်းမှုပြုလုပ်ပြီး (၂)နှစ်နီးပါးကြာတဲ့အထိ အရေးယူမှုမရှိသေးတာကြောင့်NUG အနေနဲ့ တာဝန်ခံဖြေရှင်းပေးဖို့ကို အမျိုးသမီးအဖွဲ့အစည်းတွေက ပြီးခဲ့တဲ့လ ဇန်နဝါရီ ၃၁ရက်မှာ ထုတ်ပြန် တောင်းဆိုထားပါတယ်။







Comments