အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပြည်သူတွေ စိတ်ကုန်မုန်းတီးနေတာကြောင့် နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးဖို့ စစ်ခေါင်းဆောင်က ထပ်ပြော
- BVJ

- Feb 10
- 1 min read
BVJ/ယူဂရင်း_ ဖေဖော်ဝါရီ ၇၊ ၂၀၂၅

တိုင်းရင်းသားပြည်သူတွေက အကြမ်းဖက်မှုတွေနဲ့ တိုက်ခိုက်မှုတွေကို စိတ်ကုန်မုန်းတီးနေကြပြီဖြစ်တာကြောင့် လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းဖိုအတွက် တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးကြဖို့ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံတိုက်တွန်းလာပါတယ်။
ဒီနေ့မှာကျရောက်တဲ့ ၇၈ နှစ်မြောက် ရှမ်းပြည်နယ်နေ့သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုလိုက်တာပါ။
လက်နက်ကိုင် အဖွဲ့အစည်းတွေရှိတဲ့ နယ်မြေဒေသတွေက ဒေသခံပြည်သူတွေဟာ နိုင်ငံနဲ့ပြည်သူအကျိုးစီးပွားကိုထိခိုက်စေတဲ့အကြမ်းဖက်မှုတွေနဲ့ တိုက်ခိုက်မှုတွေကို စိတ်ကုန်မုန်းတီးနေကြပြီဖြစ်သလို မိမိတို့လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးတို့ကို များစွာတောင့်တလျက်ရှိတယ်လို့ စစ်ခေါင်းဆောင်က ပြောထားပါတယ်။
နိုင်ငံဖွံ့ဖြိုးရေးအတွက် တည်ဆောက်ထားတဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ရတဲ့အတွက် တိုင်းရင်းသားပြည်သူတွေဆင်းရဲဒုက္ခရောက်ကြရသလို နိုင်ငံတိုးတက်ရေးအတွက် အရေးပါတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ အဓိပ္ပာယ်မဲ့ပြုန်းတီးနေရတာကလည်း နိုင်ငံအင်အားလျော့နည်းလာတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ မိမိတို့ရဲ့ဆန္ဒနဲ့အဖွဲ့အစည်းအကျိုးစီးပွားထက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပြည်ထောင်စုနဲ့တိုင်းရင်းသားပြည်သူအားလုံးရဲ့ အကျိုးစီးပွားကို စိတ်ရင်းစေတနာမွန်နဲ့ ရှုမြင်သုံးသပ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးကို ရှေးရှုတွေးမြင် လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ဒါကြောင့် လက်နက်ကိုင်ပဋိပက္ခဟာ ခက်ခဲကြမ်းတမ်းတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး တိုင်းရင်းသားပြည်သူ အားလုံးလိုလားတဲ့ နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေးနွေးခြင်းနည်းတွေနဲ့သာ ဖြေရှင်းကြရမှာဖြစ်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးခြင်းနည်းတွေကသာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်မှာလို့လည်း ဆိုထားပါတယ်။
စစ်ကောင်စီဥက္ကဌနဲ့အဖွဲ့ဟာ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးဖို့ဆိုပြီး အကြိမ်ကြိမ်ထုတ်ပြောနေသလို တဖက်မှာလည်း တိုင်းရင်းသားဒေသတွေအပါအဝင် လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့နယ်မြေဒေသတွေကို လေကြောင်းကနေ နေ့စဉ်နဲ့အမျှဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်နေတာဖြစ်ပါတယ်။







Comments