အကျဉ်းသား ၅၈၀၀ လွတ်တဲ့ထဲ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်လည်း ပါဝင်
- Zayar Oo
- Jan 5
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၄ ၊ ၂၀၂၅

ဒီနေ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ မြန်မာနိုင်ငံတစ်ဝန်း အကျဥ်းထောင်တွေက အကျဉ်းသား ၅၈၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ လွတ်ပေးလိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ လွတ်လာတဲ့ အကျဥ်းသားတွေထဲမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်လည်း ပါဝင်တယ်လို့သိရပြီး လတ်တလောမှာ နိုင်ငံရေးအကျဥ်းသား ၂၁၅ ဦး အပြင်ရောက်လာပြီလို့ သိရပါတယ်။
ကချင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး စစ်တပ်အာဏာသိမ်း ၂၀၂၁ ခုနှစ်က တည်းက မတရား ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီ မတရားဖမ်းဆီးခဲ့တဲ့ ဒေါက်တာခက်အောင်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးပုဒ်မ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်း အက်ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့ကာ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီနေ့ စစ်ကောင်စီ လွှတ်ပေးတဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာ ပါဝင်နိုင်တယ်လို့လည်း သိရပြီး လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးအကျဉ်းသား ၂၁၅ ဦးသာ လွတ်မြောက်သေးတယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားတဲ့ စာရင်းများအရ သိရပါတယ်။
စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်လည်း ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို စစ်ကောင်စီက ၂၀၂၂ ဩဂုတ်လမှာ ဖမ်းဆီးခဲ့ပြီး ၂၀၂၂ ဒီဇင်ဘာလမှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်နဲ့အတူ တစ်ရက်ထဲ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ မော်ဒယ် နန်းမွေစံ ဒီနေ့ လွတ်ငြိမ်ခွင့်မှာ ပါဝင်လာတာကို မတွေ့ရသေးပါဘူး။













Comments