သုံးရက်အတွင်း ဒုတိယအကြိမ် ကျောက်မဲမြို့ ဗုံးကြဲတိုက်ခိုက်ခံရ၊ အရပ်သား (၁)ဦး သေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာရ
- BVJ

- Jan 28
- 1 min read
BVJ _ အေတီ၊ ဇန်နဝါရီ ၂၇ ၊ ၂၀၂၅

ဒီနေ့ နေ့လယ် ၂ နာရီ ၁၈ မိနစ်ခန့်က ကျောက်မဲမြို့ ညစျေးတန်းနဲ့ ခရိုင်ရုံးကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ၃ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ TNLAတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် နေအိမ် (၅)လုံးထက်မနည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ နှစ်ရက် ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း ကျောက်မဲပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် CDMဆရာမ (၂)ဦး၊ လူနာ (၁)ဦး သေဆုံးခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများ၊ CDMဝန်ထမ်းများနှင့် လူနာအရပ်သားပြည်သူ (၂၀)ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ TNLA တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ နေရာက အရပ်သားတွေရှိနေတဲ့နေရာတွေ ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေပါတယ်။ အခုလ ဇန်နဝါရီ ၂၂ ရက်ကလည်း နောင်ချိုမြို့နယ် ရဲစခန်းနဲ့ ပါရမီလက်ဖက်ရည်ဆိုင်အနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ် ဆောင်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိရာ ဒေသခံနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းကလည်း ကျောက်မဲမြို့ အင်းကြင်းတောင်ရပ်ကွက်ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံပြည်သူ ၁၀ ဦး သေဆုံးခဲ့ပြီး ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။







Comments