top of page

သိမ်းပိုက်ဒေသတွေ ရေရှည်ထိန်းနိုင်ဖို့ NUG အစီအမံရှိဖို့ လိုနေဟု ငြိမ်းချမ်းရေးစောင့်ကြည့်အဖွဲ့ ပြောလာ

  • Writer: BVJ
    BVJ
  • Jan 28
  • 2 min read

မြို့သိမ်း၊ မြို့ထိန်းဖြစ်စဉ်တွေမှာ ERO တွေ ပိုအားကောင်းနေ


BVJ/အိုင်းရစ် _ ဇန်နဝါရီ ၂၈ ၊ ၂၀၂၅

ree

တော်လှန်ရေးကာလအတွင်း သိမ်းယူထားတဲ့ မြို့တွေနဲ့ ဒေသတွေကို ဆက်လက်ထိန်းချုပ်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ပိုမိုကောင်းမွန်တဲ့ ရေရှည်အစီအမံတွေရှိနေဖို့ လိုအပ်ပြီး မြို့သိမ်းမှုနဲ့ မြို့ထိန်းချုပ်မှုဖြစ်စဉ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (ERO) တွေက ပိုမိုအားကောင်းလာတယ်လို့ မြန်မာ့စစ်ရေးပဋိပက္ခနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို လေ့လာစောင့်ကြည့်မှတ်တမ်းတင်နေတဲ့ BNI-Myanmar Peace Monitor (MPM) တာဝန်ခံက သုံးသပ်ပြောပါတယ်။


စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ERO အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်းတွေနဲ့ နယ်မြေဒေသအများအပြားကို သိမ်းယူနိုင်ခဲ့ပြီးနောက် ၄၈ လတာကာလအတွင်းမှာ မြို့ပေါင်း (၉၅)မြို့ကို ထိန်းချုပ်ထားနိုင်တယ်လို့ BNI-MPM က ဒီနေ့ ပြုလုပ်တဲ့ “မြို့သိမ်းခြင်း၊ မြို့ထိန်းခြင်းနှင့် တော်လှန်ရေး၏ ဦးတည်ရာ” အစီရင်ခံစာသုံးသပ်ချက် မိတ်ဆက်ပွဲမှာ ထည့်သွင်းပြောထားပါတယ်။


အစီရင်ခံစာမှာ မြို့သိမ်းတိုက်ပွဲအခြေအနေ၊ အရေးပါမှု၊ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်နိုင်တဲ့မြို့တွေ အပါအဝင် မအောင်မြင်တဲ့ မြို့သိမ်းဖြစ်စဉ်တွေကို ထည့်သွင်းဖော်ပြခဲ့ပြီး အပြည့်အဝ သဘောတူညီမှုမရရှိသေးတဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မှုအခြေအနေနဲ့ မြို့သိမ်း၊ မြို့ထိန်းမှုတွေနဲ့ ဆက်စပ်တဲ့ စီမံခန့်ခွဲမှု အခြေအနေတွေကိုလည်း အစီရင်ခံစာ မိတ်ဆက်ပွဲမှာ ထည့်သွင်းပြောသွားပါတယ်။


“မြို့သိမ်းဖြစ်စဉ်တွေကိုကြည့်မယ်ဆိုရင် ERO တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေက ရေရှည်မှာ မြို့သိမ်းဖြစ်စဉ်တွေ၊ မြို့ထိန်းနိုင်မှုတွေမှာ ပိုပြီးတော့ အားကောင်းတယ်လို့ သုံးသပ်လို့ရပါတယ်။ ဒီ ERO တွေရဲ့ ဦးဆောင်မှုနဲ့ လက်ရှိနွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့ အထူးသဖြင့်တော့ NUG ပေါ့နော်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အခြေအနေ၊ နယ်မြေဒေသအခြေအနေ၊ ပူးပေါင်းလှုပ်ရှားမှု၊ Chain of Command ခိုင်မာအားကောင်းမှု ဒီအခြေအနေတွေပေါ် မူတည်လိမ့်မယ်” လို့ BNI-MPM ရဲ့ တာဝန်ခံ ကိုနှင်းကိုက Burma VJ ကို ပြောပါတယ်။



ERO ၊ PDF နဲ့ ဒေသတော်လှန်ရေးအဖွဲ့တွေက နယ်မြေဒေသတွေနဲ့ မြို့တွေကို သိမ်းယူထိန်းချုပ်ချိန်မှာ ရေရှည် ဆက်လက်ထိန်းချုပ်နိုင်မယ့် အစီအမံကောင်းတွေရှိဖို့လိုအပ်ပြီး စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ဖြစ်စဉ်ကို နမူနာယူကာ လိုအပ်တဲ့စီမံခန့်ခွဲမှုတွေကို ပြန်လည်ပြင်ဆင်သုံးသပ်ဖို့ လိုအပ်မယ်လို့လည်း ဆိုပါတယ်။


ကောလင်းမြို့သိမ်းတိုက်ပွဲကို အမှတ် ၁ စစ်ဒေသ ကချင်အမျိုးသားလွတ်လပ်ရေးတပ် (KIA) ရဲ့ ဦးဆောင်မှုနဲ့အတူ PDF အဖွဲ့တွေနဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး NUG အစိုးရက အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်ခဲ့ပေမဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေရဲ့ ထိုးစစ်ကြောင့် သိမ်းယူပြီး သုံးလအကြာ ၂၀၂၄ ဖေဖော်ဝါရီ ၁၂ ရက်မှာ ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။


“ကောလင်းဖြစ်စဉ်က မအောင်မြင်တဲ့ မြို့ထိန်းချုပ်မှုမဟုတ်ဘဲ လုံးဝကို ဆုံးရှုံးလိုက်ရတဲ့ အခြေအနေမျိုး ဖြစ်တယ်။ ဒီမှာတော့ NUG ရဲ့ ဦးဆောင်မှု၊ လုပ်ဆောင်မှု မအောင်မြင်ဘူး၊ သူတို့ မြို့ကို ရေရှည်ထိန်းနိုင်ဖို့အတွက် အစီအမံတွေ ရှိမနေဘူးဆိုတာကတော့ သိသာစေတယ်လို့တော့ ကျွန်တော်တို့ သုံးသပ်ရပါတယ်။ ဒါပေမဲ့ သူတို့ အုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်ဖို့ ကြိုးစားတာဟာ မှားယွင်းတယ်လို့တော့ သုံးသပ်လို့ မရပါဘူး။ ဘာလို့ဆို သူတို့ တခြားနေရာတွေမှာလည်း အုပ်ချုပ်ရေးကို ရသလောက် ဖော်ဆောင်နေရတာမျိုး ရှိပါတယ်။ ဒါကြောင့်မို့ မြို့ကို ရေရှည်ထိန်းနိုင်ဖို့အတွက် အစီအမံတွေကတော့ ခိုင်ခိုင်မာမာ လုံလုံလောက်လောက် ရှိမနေဘူးဆိုတာကတော့ ထင်ရှားစေပါတယ်” လို့ BNI-MPMတာဝန်ခံက သုံးသပ်ပြောပါတယ်။


နိုင်ငံတဝန်း စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ မြို့နယ်တွေထဲက မြို့ပေါင်း (၁၄၀)ကျော်မှာ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တို့ရှိနေပြီး အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်မှုတွေ လုပ်ဆောင်နေတယ်လို့ အခုလ ဇန်နဝါရီ ၄ ရက် NUG အစိုးရက ထုတ်ပြန်ထားပါသေးတယ်။


မြို့သိမ်းတိုက်ပွဲ ဖြစ်စဉ်တွေအတွင်း စစ်ကိုင်းတိုင်း ကောလင်းမြို့၊ ကရင်ပြည်နယ် မြဝတီမြို့နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့တို့ကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့တွေက ပြန်လည်ထိန်းချုပ်ခဲ့သလို ဒီပဲယင်းမြို့နဲ့ ပုလဲမြို့တို့လို မအောင်မြင်တဲ့ မြို့သိမ်းတိုက်ပွဲတွေလည်း ရှိခဲ့တယ်လို့ အစီရင်ခံစာမှာလည်း ဖော်ပြထားပါတယ်။


မြို့သိမ်းတိုက်ပွဲဖော်ဆောင်ချိန် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်ခဲယမ်း မလုံလောက်မှု၊ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ လေကြောင်းစစ်ကူပေးမှုတွေကို မဖြတ်တောက်နိုင်မှုတို့က ရေရှည်မြို့ကို ဆက်လက်ထိန်းထားနိုင်ဖို့ အခက်အခဲတွေ ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ ထုတ်ပြန်ကြေညာတာမျိုးမရှိဘဲ NUG လက်အောက်ခံတပ်တွေနဲ့ ဒေသတော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီး အုပ်ချုပ်ရေးလည်ပတ်နေတဲ့ မြို့တွေနဲ့ နယ်မြေဒေသတွေလည်း ရှိနေတယ်လို့ သိရပါတယ်။


စစ်တပ်အာဏာသိမ်းပြီး လေးနှစ်တာကာလအတွင်း ဒေသအလိုက် တော်လှန်ရေးအင်အားစုတွေရဲ့ သိမ်းယူထိန်းချုပ်ထားတဲ့ မြို့ပေါင်း (၉၅)မြို့မှာ ခရိုင်အဆင့်အုပ်ချုပ်ရေးရုံစိုက်ရာမြို့ (၁၇)မြို့ပါဝင်ပြီး မြို့နယ်အဆင့် အုပ်ချုပ်ရေးရုံးရှိရာ (၃၃)မြို့နဲ့ မြို့အဆင့် အုပ်ချုပ်ရေးယန္တရားလည်ပတ်တဲ့မြို့ပေါင်း (၄၅) မြို့အထိရှိနေတယ်လို့ BNI-MPPရဲ့“မြို့သိမ်းခြင်း၊ မြို့ထိန်းခြင်းနှင့် တော်လှန်ရေး၏ ဦးတည်ရာ” အစီရင်ခံစာအရ သိရပါတယ်။


နွေဦးတော်လှန်ရေးကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းယူထိန်းချုပ်ထားတဲ့ မြို့ပေါင်း (၉၅)မြို့ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက (၈၈)မြို့အထိ ထိန်းချုပ်ထားနိုင်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံတပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက (၇)မြို့ကို ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page