သာကေတမှာ စစ်မှုထမ်းအကျုံးဝင်တဲ့အမျိုးသမီးတွေကို စာရင်းကောက်ယူနေ
- BVJ

- Jan 25
- 1 min read
BVJ/မိုနာ_ ဇန်နဝါရီ ၂၅၊ ၂၀၂၅

ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ စစ်မှုထမ်းဖို့အသက်အကျုံးဝင်တဲ့ အမျိုးသမီးတွေကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က စာရင်းတွေကောက်ယူနေတယ်လို့ သိရပါတယ်။
သာကေတမြို့နယ်ထဲက ရပ်ကွက်အချို့မှာ အသက် ၂၀ အရွယ်အမျိုးသမီးတွေကို တစ်အိမ်တက်ဆင်းစာရင်း ကောက်ယူနေတယ်လို့ စာရင်းကောက်ယူခံရတဲ့ရပ်ကွက်တွင်း နေထိုင်သူတွေက ပြောပါတယ်။
“တအိမ်ကဆို ညီအမနှစ်ယောက်ရှိတာ။ နှစ်ယောက်လုံးစာရင်းထဲပါတယ်ဆိုပြီး လာပြောတယ်။ ပြီးတော့ အဲ့ဒီရပ်ကွက်က တခြားအိမ်တွေက မိန်းကလေးတွေကိုလည်း စာရင်းပါတယ်ဆိုပြီးလိုက်ကောက်တယ်။ တရပ်ကွက်လုံးပဲ။ အားလုံးက ၂၀ ကျော်ပတ်ချာလည်လေးတွေချည်းပဲ”လို့ သာကေတမှာ နေထိုင်သူ ဒေသခံတစ်ဦးက BurmaVJ ကို ပြောပါတယ်။
သာကတမြို့နယ်မှာ နေထိုင်သူ အသက် ၅၀ ကျော်အမျိုးသမီးတစ်ဦးက ”စာရင်းကောက်တော့ ပါသွားတဲ့ကောင်မလေးတွေက အရမ်းကြောက်နေကြတယ်။ အဲ့ဒါရပ်ကွက်ကလည်း ကောင်မလေးတွေကိုလာခေါ်တော့မှာလားလို့မေးကြတော့ ဒီတိုင်းပဲစာရင်းပဲယူတာပါ၊ ရှေ့မှာယောကျ်ားလေးတွေတုန်းကလည်း ဒီလိုပဲပေါ့ ပိုက်ဆံပေးရင်ရမှာပါလို့ ပြောသွားတယ် သူတို့(အုပ်ချုပ်ရေးမှူး)က ”လို့ ပြောပြပါတယ်။

စာရင်းကောက်ယူမှုဟာ လမ်းတစ်လမ်းမှာ အမျိုးသမီး ၁၅ ယောက်, ၂၀ ယောက်အထိ ကောက်ယူမှုထဲပါဝင်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတဲ့ ရန်ကုန်ကင်းထောက်အဖွဲ့ -Yangon Scout Network ရဲ့ အခုလ ၂၃ ရက် အသိပေးထုတ်ပြန်ချက်အရ ကျောက်တန်း၊ သန်လျင်၊ သာကေတနဲ့ တာမွေမြို့နယ်တွေမှာ အသက် ၁၈ နဲ့ ၂၇ နှစ်ကြား အမျိုးသမီးတွေကို စစ်မှုထမ်းစာရင်းကောက်ယူနေတယ်လို့ သိရပါတယ်။
စာရင်းကောက်ယူမှုဟာ ကျောက်တန်းမြို့နယ် ရွှေကုန်းရပ်ကွက်၊ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ဘက်၊
သာကေတမြို့နယ်၊ ၄ တောင်ရပ်ကွက်ဘက်နဲ့ တာမွေမြို့နယ် မဂ္ဂင်လမ်းထဲတို့မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီက အကောင်အထည်ဖော်နေတဲ့ ပြည်သူ့စစ်မှုထမ်းဟာ အပါတ်စဉ်(၉)အထိရှိလာပြီး အမျိုးသမီးတွေစစ်မှုထမ်းခေါ်ယူမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာထုတ်ပြောလာတာ မရှိသေးပါဘူး။







Comments