သရက်ခရိုင်တပ်ရင်းနဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံး
- BVJ

- Jan 28
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၂၇ ၊ ၂၀၂၅

မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ သရက်ခရိုင်တပ်ရင်းတို့ ဇန်နဝါရီ ၂၅ ရက်က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၂၅)ဦးခန့် သေဆုံးခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသ လက်အောက်ခံ သရက်ခရိုင် တပ်ရင်း ၄ က မနေ့ ဇန်နဝါရီ ၂၆ ရက်မှာ ထုတ်ပြန်လာပါတယ်။
မင်းတုန်းမြို့နယ် မြောက်ပြင်ကျေးရွာ ဘုန်းကြီးမှာ တပ်စွဲနေတဲ့ အင်အား (၅၆)ဦးပါ စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီ ၂၅ ရက် မနက် ခြောက်နာရီခွဲဝန်းကျင်က တဇို့တုံရွောနဲ့ ဒေါက်တိုက်ကျေးရွာဘက်ကို ထွက်လာချိန် သရက်ခရိုင် တပ်ရင်း ၄ တပ်ခွဲ ၂ က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပထမအကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အပြင်းအထန်ခုခံ ဆုတ်ခွာသွားချိန် ငခူးအိုးကျေးရွာနဲ့ ရွာပုလဲကျေးရွာကြားမှာ အသင့်စောင့်နေတဲ့ သရက်ခရိုင် တပ်ရင်း ၄ တပ်ခွဲ ၁ က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲထပ်ဖြစ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်နဲ့ သရက်ခရိုင် တပ်ရင်းတို့ ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က (၂၅)ဦးခန့် သေဆုံးခဲ့ကာ အထိနာနေချိန် စစ်ကူအင်အား (၈၀)ခန့် ထပ်မံရောက်ရှိလာတာကြောင့် သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဆုတ်ခွာခဲ့ရတယ်လို့လည်း သိရပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး သရက်ခရိုင် တပ်ရင်း ၄ ကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၆ ရက်ကလည်း မြောက်ပြင်၊ ကြိုးဝ၊ ရွာသစ်ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ သရက်ခရိုင်တပ်ရင်းတို့ ရွာသစ်ရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၃) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ရွာသစ်ရွာ ဒေသခံပြည်သူနေအိမ်တွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် (၆၀) ဝန်းကျင် မီးလောင်ပျက်စီးခဲ့ပါသေးတယ်။







Comments