သတင်းသမား ၁၁ ဦး တစ်သက်တစ်ကျွန်းအပါအဝင် နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရဆဲဖြစ်
- BVJ

- Jan 28
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၂၇ ၊ ၂၀၂၅

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာသမား ၂၀၀ ကျော်အထိ စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရပြီး လက်ရှိမှာ ၄၃ ဦး မတရားအကျဉ်းကျခံနေရဆဲဖြစ်တယ်လို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ထုတ်ပြန်ထားပါတယ်။
မတရားဖမ်းဆီး အကျဉ်းကျခံထားရသူ ၄၃ ဦးထဲက ၁၁ ဦးဟာ ထောင်ဒဏ် တစ်သက်နဲ့ ထောင်ဒဏ် ၁၀ နှစ်ကျော်အထိ ကျခံနေရသူတွေပါဝင်နေပြီး ကျန် ၃၂ ဦးဟာ ထောင်ဒဏ် ၃ နှစ်နဲ့ ၁၀ နှစ်အတွင်း ကျခံနေရသူတွေဖြစ်တယလို့ IPCM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းကာလအတွင်း သတင်းမီဒီယာသမား ၇ ဦးကို စစ်ကောင်စီက သတ် ဖြတ်ခဲ့မှုတွေရှိခဲ့ပြီး သေဆုံးခဲ့သူတွေအတွက် တရားမျှတမှုရအောင် လုပ်ဆောင်သွားမယ်လို့ IPCM အတွင်းရေးမှူး ကိုတိုးဇော်လတ်ကလည်း ပြောပါတယ်။ “မတရားဖမ်းဆီးသတ်ဖြတ်ခံရသူတွေအတွက် အနဲဆုံးတရားမျှတမူရအောင် minimal justice လုပ်ဆောင်သွားမယ်” လို့ ဆိုပါတယ်။
သတင်းမှတ်တမ်းရိုက်ကူးသူ ဒါရိုက်တာ ကိုဖေမောင်စိမ်းကိုလည်း မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) နဲ့ ၂၀၂၂ ခုနှစ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် သေဆုံးခါနီး နောက်ဆုံးအချိန် ၂၀၂၄ ဩဂုတ် ၁၆ ရက်နေ့မှ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ ဖမ်းဆီးခံရချိန်နဲ့ အကျဉ်းထောင်အတွင်း နှိပ်စက်ညှင်းပန်းခံရတဲ့ ဒဏ်ရာတွေနဲ့ ထောင်ကလွတ်လာပြီး ၃ ရက်အကြာ ဩဂုတ် ၁၉ ရက်မှာ ဆာကူရာဆေးရုံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၅ ဇန်နဝါရီအထိ စစ်ကောင်စီ ဖမ်းဆီးခဲ့တဲ့ သတင်းမီဒီယာသမား ၂၀၀ ကျော်ထဲက ၆၀ ဝန်းကျင်ဟာ နိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီး မတရားအကျဉ်းကျခံခဲ့ရသလို စစ်ကောင်စီ လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူ၊ လွတ်ရက်စေ့ လွတ်မြောက်လာသူတွေလည်းရှိခဲ့ကာ လက်ရှိအချိန်အထိ ကျန် ၄၃ ဦးဟာ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းခံနေရတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီက သတင်းမီဒီယာသမားတွေကို မတရားဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ ၅၀၅-ခ၊ ပုဒ်မ ၁၂၄-က၊ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ-၁၇(၁)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆-ဃ၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပဒေ၊ ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများ ပုဒ်မ-(၅)၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၇ နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ စတာတွေနဲ့ ဖိနှိပ်အရေးယူခဲ့တာလည်း ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာလုပ်ငန်း ၁၅ ခုကို လုပ်ငန်းလိုင်စင် ရုပ်သိမ်းခဲ့သလို သတင်းမီဒီယာနဲ့ဆက်စပ်တဲ့ မီဒီယာဆိုင်ရာဥပဒေတွေကိုလည်း စစ်ကောင်စီက ပြန်လည်ပြင်ဆင်ပြဌာန်းခဲ့ပါတယ်။ စစ်ကောင်စီရဲ့ သတင်းမီဒီယာတွေအပေါ် အကြမ်းဖက်ဖိနှိပ်မှုကြောင့် သတင်းလွတ်လပ်ခွင့် ထိပါးဖိနှိပ်ခံရမှု အဆိုးရွားဆုံး ၁၀ နိုင်ငံထဲမှာ လည်း ပါဝင်နေပါတယ်။





















Comments