top of page

သင်္ဘောတွေမှာ ဘက်ထရီစနစ်အသုံးပြုဖို့ စစ်‌ကောင်စီခေါင်းဆောင် ပြော

  • Writer: Zayar Oo
    Zayar Oo
  • Jan 2
  • 1 min read

BVJ/အိုင်းရစ် _ ဇန်နဝါရီ ၂ ၊ ၂၀၂၅

ree

ရန်ကုန်တိုင်း ဒလမြို့နယ်မှာရှိတဲ့ ဒလသင်္ဘောကျင်းကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သွားရောက်ခဲ့ချိန် ရေယာဉ်တည်ဆောက်မှုကဏ္ဍနဲ့ ပြုပြင်ထိန်းသိမ်းရေးကဏ္ဍတွေမှာ သင်္ဘောကျင်းစွမ်းဆောင်ရည်မြင့်မားအောင်ဆောင်ရွက်ဖို့ ပြောဆိုခဲ့ပါတယ်။


မနေ့က ဇန်နဝါရီ ၁ ရက်မှာ ကျရောက်တဲ့ ဒလသင်္ဘောကျင်း နှစ် ၁၅၀ ပြည့်အခမ်းအနားကို စစ်ခေါင်းဆောင် သွားရောက်ခဲ့တာဖြစ်ပြီး နည်းပညာပြောင်းလဲတိုးတက်မှုတွေရှိလာနေချိန် သင်္ဘောတွေကို ဘက်ထရီစွမ်းအင်စနစ် အသုံးပြုမောင်းနှင်နိုင်ရေးလုပ်ဆောင်ဖို့ကို တိုက်တွန်းပြောဆိုခဲ့တာပါ။


သင်္ဘောခုတ်မောင်းသွားလာတဲ့ အင်ဂျင်တွေဟာ ကျောက်မီးသွေးသုံး ဘွိုင်လာကနေ ဒီဇယ်အင်ဂျင်အထိ နည်းပညာပိုင်း ပြောင်းလဲလာကြောင်း၊ ကုန်းလမ်းခရီးမှာလည်း ပို့ဆောင်ရေးယာဉ်တွေဟာ လျှပ်စစ်၊ ဘက်ထရီ စွမ်းအားတွေကို အသုံးပြုနေသလို သင်္ဘောတွေကိုလည်း ဘက်ထရီစွမ်းအင်စနစ် အသုံးပြုနိုင်ဖို့ သုတေသနလုပ်ကြဖို့ကို ပြောခဲ့တာဖြစ်ပါတယ်။


ဒါ့အပြင် ဒလသင်္ဘောကျင်းရဲ့ လုပ်ဆောင်မှုစွမ်းအားအပေါ် အခြေတည်ပြီး ကမ်းရိုးတန်း ရေကြောင်းကနေ ကုန်စည်ပို့ဆောင်နိုင်ရေး တိုးမြှင့်ဆောင်ရွက်သွားဖို့နဲ့ ကုန်စည်ပို့ဆောင်မှုအပိုင်းမှာ ရေလမ်းခရီးကနေ ပို့ဆောင်ခြင်းဟာ ကုန်ကျစရိတ် သက်သာတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။


ပန်းဆိုးတန်းမြို့နယ်တစ်ဖက်ကမ်း ဒလမြို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်သွားရောက်ချိန် မြို့အတွင်း လုံခြုံရေးတင်းကြပ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ရန်ကုန်မြို့တစ်ဖက်ကမ်းကနေ ဒလမြို့ကို ကူးတဲ့ ရန်ကုန်-ဒလ မြစ်အတွင်း ကူးသန်းသွားလာမှုကို ၂၄ နာရီနီးပါးပိတ်ထားခဲ့ပါတယ်။ စစ်ခေါင်းဆောင် ဒလမြို့ ခရီးစဉ်ကြောင့် ရန်ကုန်နဲ့ ဒလမြို့နယ်ဘက်တွေကို ခရီးသွားလာမယ့် ပြည်သူတွေကို လှိုင်သာယာမြို့နယ်ကနေတဆင့် လှည့်ပတ်သွားလာခဲ့ရတယ်လို့လည်း သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page