ဝီဂါလူမျိုးတွေကို တရုတ်နိုင်ငံပြန်ပို့တဲ့အပေါ် ထိုင်းအစိုးရ ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခံနေရ
- BVJ

- Feb 28
- 1 min read
BVJ/Moore _ ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၅

ဝီဂါလူမျိုး ဒုက္ခသည်တွေကို ထိုင်းအစိုးရက တရုတ်နိုင်ငံ ပြန်ပို့ခဲ့တဲ့အပေါ် ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်ရှုတ်ချခဲ့ပြီး နေရပ်ပြန်ရောက်ချိန် တရုတ်အစိုးရရဲ့ ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်ရမှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံ ရှန်ကျင်းပြည်နယ်မှာ ဝီဂါမွတ်စလင်တွေကို တရုတ်အစိုးရက ဖိနှိပ်ဖမ်းဆီးခံနေရတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသူတွေထဲက အချို့ဟာ ထိုင်းနိုင်ငံကို ရောက်ရှိလာကြတာလည်း ဖြစ်ပါတယ်။ မနေ့ ဖေဖော်ဝါရီ ၂၇ ရက် မနက် ၂ နာရီဝန်းကျင်မှာ အလုံပိတ်ကားတွေနဲ့ ပြန်ပို့ခံရတဲ့ ဝီဂါလူမျိုး ၄၀ ဟာ ထိုင်းနိုင်ငံတွင်းမှာ ၁၀ နှစ်ကြာ ထိန်းသိမ်းခံခဲ့ရပြီးနောက် ထိုင်းအစိုးရက ရုတ်တရက် ပြန်ပို့ခဲ့တာလည်း ဖြစ်ပါတယ်။
ဝီဂါလူမျိုးတွေကို တရုတ်နိုင်ငံကို ပြန်မပို့ဖို့အတွက် လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုခဲ့သလို ကာယကံရှင်တွေကို ကိုယ်တိုင်ကလည်း သူတို့ကို တရုတ်နိုင်ငံ ပြန်မပို့ဖို့နဲ့ UNHCR နဲ့ဆက်သွယ်ပြီး တတိယနိုင်ငံမှာ ခိုလှုံခွင့်ပေးဖို့ ထိုင်းအာဏာပိုင်တွေကို စာရေးသားပေးပို့ တောင်းဆိုခဲ့တာပေမဲ့ လျစ်လျူရှုခြင်းခံခဲ့ရတယ်လို့ ထိုင်းအတိုက်အခံပါတီ Fair Party MP Kannavee Suebsaeng ကလည်း ပြောပါတယ်။
ဝီဂါလူမျိုး ၄၀ ကို နေရပ်ပြန်ပို့ခဲ့မှုအပေါ် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရချိန် သူတို့ (ဝီဂါလူမျိုး) ကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ပြန်လည်ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်နဲ့ ထိုင်းကာကွယ်ရေးဝန်ကြီး ဖွန်သမ်ဝီချရာချိုင်းတို့က တုံ့ပြန်ပြောကြားခဲ့ပါတယ်။
ထိုင်းအစိုးရရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို ကုလသမဂ္ဂ၊ အင်္ဂလန်၊ ဂျာမနီနဲ့ ဥရောပအဖွဲ့ဝင်နိုင်ငံတွေကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
“လက်မခံနိုင်စရာ မတွေးဝံ့စရာလုပ်ရပ်တွေကို ထိုင်းအစိုးရက လုပ်ခဲ့တယ်။ ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး ထိုင်းအစိုးရအနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ နုတ်ထွက်သင့်တယ်” လို့ ဘန်ကောက်အခြေစိုက် အာရှလူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ ရှေ့နေများအဖွဲ့ ဒါရိုက်တာ Phil Roberson ကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကလည်း ဝီဂါလူမျိုး ၁၀၉ ဦးကိုလည်း တရုတ်အစိုးရဆီ ပြန်ပို့ခဲ့တာကြောင့် အမေရိကန်နဲ့ ကုလသမဂ္ဂအဖွဲ့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ချိန် နိုင်ငံတွင်း ကျန်ရှိနေသေးတဲ့ ဝီဂါတွေကို နောက်တစ်ကြိမ် ပြန်ပို့တာမျိုး မလုပ်ဆောင်တော့ဘူးလို့ ထိုင်းအစိုးရက ပြောဆိုခဲ့ပါသေးတယ်။







Comments