လားရှိုးမြို့ MNDAA ထိန်းချုပ်မှုအောက် လည်ပတ်နေဆဲ
- BVJ

- Jan 21
- 1 min read
BVJ/ မိုနာ_ ဇန်နဝါရီ ၂၁၊ ၂၀၂၅

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော်- MNDAA ကြား အပစ်ရပ်သဘောတူညီချက်ကို သဘောတူလက်မှတ်ရေးထိုးလိုက်ပြီးလို့ တရုတ်ကထုတ်ပြောပြီးတဲ့နောက် MNDAA က လားရှိုးကနေ ပြန်ဆုတ်ပေးရမယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။
ဒါပေမယ့် ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာတော့ လားရှိုးဟာ MNDAA ရဲ့ အုပ်ချုပ်ရေးနဲ့ အရင်အတိုင်းလည်ပတ်နေဆဲဖြစ်တယ်လို့ လားရှိုးမှာနေထိုင်သူအမျိုးသမီးတစ်ဦးက Burma VJ ကို ပြောပါတယ်။
“အရင်အတိုင်း ပုံမှန်လည်ပတ်ဆဲပါ။ အပစ်အခတ်ရပ်ဆဲတာဟုတ်ပေမဲ့ လားရှိုးကနေ MNDAA အနေနဲ့ ပြန်ဆုတ်ခွာဖို့ဆိုတာကတော့ အတည်မပြုနိုင်သလို ဖြစ်နိုင်ခြေ အင်မတန်ကို နည်းတဲ့အနေအထားဖြစ်ပါတယ်။ လက်ရှိမှာ MNDAA အနေနဲ့ မြို့အုပ်ချုပ်ရေး ယန္တယားတွေကို လည်ပတ်နိုင်ဖို့ကြိုးစားနေတယ်လို့ ယူဆလို့ရတာတွေရှိပါတယ်။ ဥပမာ-ထွေအုပ် အပိုင်းတွေနဲ့ လားရှိုးမြို့မှာ ပြန်လည်ရောက်ရှိပြီး နေထိုင်နေပြီဖြစ်တဲ့ လားရှိုးမြို့သူ/သားတွေကို ရပ်ကွက်အလိုက် ယာဥ် (ကား)မှတ်ပုံတင်ပုံစံ/သွားလာခွင့်အတွက် လုပ်ပေးနေတာတွေရှိတယ်။ ရပ်ကွက်အလိုက် လူနေစာရင်းစစ်တမ်းကောက်တာမျိုးတွေလည်းရှိတယ်ဆိုတာ ကြားရပါတယ်”
အပစ်ရပ်သဘောတူညီချက်အရ ကိုးကန့်တပ်တွေဟာ လားရှိုးမြို့ကနေ အခုနှစ် ဇွန်လမှာ ပြန်ဆုတ်ခွာပေးရမယ်လို့ Myanmar Now သတင်းဌာနက မနေ့က ဇန်နဝါရီ ၂၁ရက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်နဲ့ကိုးကန့် နှစ်ဖက်အပစ်ရပ်သဘောတူခဲ့တာဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ ခုနှစ်ကြိမ်မြောက်အဖြစ် အခုလ ၁၈ရက်နေ့က တွေ့ဆုံမှုမှာဖြစ်ပြီး ဒါကိုနှစ်ဖက်စလုံးကထုတ်ဖော်မပြောဘဲ မနေ့က ၂၀ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုလာတာပါ။
နှစ်ဖက်အပစ်ရပ်သဘောတူပြီးနောက်မှာ တရုတ်နိုင်ငံရဲ့ ညွှန်ကြားချက်ကြောင့် “ဝ” (UWSA) တပ်ဖွဲ့ထိန်းချုပ်ဒေသနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ထိန်းချုပ်ဒေသတို့ကို ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းကို UWSA “ဝ” တပ်ဖွဲ့ စစ်ဦးစီးချုပ်ရုံးက ဇန်နဝါရီလ ၂၀ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။
Photo: The Kokang

















Comments