လာမယ့်ဒီဇင်ဘာနဲ့ ဇန်နဝါရီလအတွင်းမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီ ပြော
- BVJ

- Mar 8
- 1 min read
BVJ/အိုင်းရစ် _ မတ် ၈ ၊ ၂၀၂၅

လာမယ့် ၂၀၂၅ ဒီဇင်ဘာ ဒါမှမဟုတ် ၂၀၂၆ ဇန်နဝါရီလအစောပိုင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားတယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘယ်လာရုစ်သမ္မတ H.E Mr. Alexander Gregoryevich Lukashenko နဲ့ တွေ့ဆုံချိန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကိုသွားရောက်ခဲ့ပြီးနောက် ဘယ်လာရုစ်နိုင်ငံကို မနေ့ မတ်လ ၇ ရက်မှာ ဆက်လက်သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ယင်းခရီးစဉ်အတွင်း ဘယ်လာရုစ်သမ္မတ၊ ဝန်ကြီးချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဌတို့နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တွေ့ဆုံခဲ့ပြီးနောက် ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားတဲ့အခြေအနေကို ထည့်သွင်းပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
လာမယ့် ဒီဇင်ဘာနဲ့ ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားကြောင်းနဲ့ ရွေးကောက်ပွဲဝင်ဖို့အတွက် ပါတီပေါင်း ၅၃ ခုကလည်း စာရင်းပေးသွင်းထားကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့သလို စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို ဘယ်လာရုစ်နိုင်ငံ လေ့လာရေးအဖွဲ့တွေအနေနဲ့လည်း လာရောက်ကြည့်ရှုနိုင်ဖို့အတွက်ကိုလည်း ဖိတ်ခေါ်ကြောင်း စစ်ကောင်စီက ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဒီဇင်ဘာလအတွင်းကလည်း ၂၀၂၃ ဩဂုတ်လမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောဆိုခဲ့သလို ၂၀၂၄ ဇန်နဝါရီလကလည်း ဧရာဝတီတိုင်း ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို သွားရောက်ချိန် ရွေးကောက်ပွဲကျင်းပဖို့ အကြိုလုပ်ငန်းစဉ်တွေ ပြီးစီးပါက ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ပြောဆိုခဲ့ပါသေးတယ်။
စစ်ကောင်စီခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးကိုကိုက ရွေးကောက်ပွဲကို မြန်မာနိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၃၃၀ ထဲက ၁၆၁ မြို့နယ်မှာသာ ကျင်းပဖို့ ပြင်ဆင်ထားပြီး ၂၀၂၅ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အသက် ၁၈ နှစ်နဲ့အထက် လူဦးရေစာရင်းကို စိစစ်အတည်ပြုဖို့ကိုလည်း လုပ်ဆောင်နေတယ်လို့ ပြောဆိုခဲ့ပါသေးတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၅ ဖေဖော်ဝါရီလအထိ မြို့ပေါင်း ၂၄၀ မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး မြို့ပေါင်း ၉၅ မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။ ဒါ့အပြင် စစ်တပ်အာဏာသိမ်းကာလအတွင်း တိုက်ပွဲမဖြစ်ပွားတဲ့ မြို့ပေါင်း ၉၀ ဝန်းကျင်သာကျန်ရှိနေတော့တာကြောင့် စစ်ကောင်စီ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ မြို့ပေါင်း ၁၆၁ မြို့နယ်ထက် နည်းတဲ့ပမာဏမှသာ ရွေးကောက်ပွဲကျင်းပဖို့ ဖြစ်နိုင်ချေရှိတယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေကလည်း သုံးသပ်ထားကြပါတယ်။







Comments