လွတ်လပ်ရေးနေ့မှာ အကျဉ်းသား ၅၈၆၄ ဦးကို လွတ်ငြိမ်းခွင့်ပေးတယ်လို့ စစ်ကောင်စီ ထုတ်ပြန်
- Zayar Oo
- Jan 5
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၄ ၊ ၂၀၂၅

ဒီနေ့ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ နိုင်ငံတစ်ဝန်းက အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၅၈၆၄ ဦးကို ပြစ်ဒဏ်လျော့ပေါ့ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရသူတွေကို ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ ၁ အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ကျခံဖို့ ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လျော့ပေါ့ လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတဲ့သူတွေထဲမှာ နိုင်ငံခြားသား ၁၈၀ ဦးပါဝင်ပြီး နိုင်ငံအချင်းချင်း ဆက်ဆံရေးကို ရှေးရှုတဲ့အနေနဲ့ လွတ်ငြိမ်းခွင့်ပေးတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပြီး နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးမှာ ထောင်ဒဏ်တစ်သက်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကိုလည်း ထောင်ဒဏ် ၁၅ နှစ်အထိ လျော့ချပေးလိုက်ပြီး လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီ လွတ်ငြိမ်းသက်သာခွင့်ထဲမှာ ဇန်နဝါရီ ၄ ရက်မတိုင်ခင်အထိ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများ အက်ဥပဒေအရ ပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ)အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ် ပြစ်ဒဏ်စီရင်မှု ယာယီအက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက်ယာယီပြင်ဆင်ချက် အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ် လက်နက်အမိန့်အရ ပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်ဥပဒေအရ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများ၊ အဂတိလိုက်စားမှုတို်ကဖျက်ရေးဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲဥပဒေအရ ပြစ်မှုတစ်ခုခုနဲ့ စပ်လျဉ်းပြီး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းထောင် အချုပ်ထောင် စခန်းအသီးသီးမှာ ၆ ပုံ ၁ ပုံလျော့ပေါ့ပေးပြီး လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။







Comments