လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသား ၁၀ ယောက်ကျော်ကို ရွှေဘိုရဲစခန်းက ပြန်ဖမ်းထား
- BVJ

- Jan 14
- 1 min read
BVJ/မိုနာ_ ဇန်နဝါရီ ၁၄၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀ယောက်ကျော်ကို ရွှေဘိုမြို့မရဲစခန်းက ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်-PPNM ဒီနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
ထောင်ဗူးဝကအထွက်မှာ လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဆီကို မပို့ဘဲ ရွှေဘိုမြို့မ ရဲစခန်းအတွင်း ထပ်မံဖမ်းဆီးအချုပ်ချထားပြီး မိသားစုနဲ့အဆက်အသွယ်ဖြတ်ခံထားရတယ်လို့ PPNM ကပြောထားပါတယ်။
အဲ့ဒီလို ပြန်လည်ဖမ်းဆီးနေတာကို ၂၀၂၄ ခုနှစ် အောက်တိုဘာလကစတင် ပြုလုပ်နေခြင်းဖြစ်ပြီး ၂၀၂၅ ဇန်နဝါရီလအတွင်း လွတ်ရက်စေ့ပြီးနောက် ပြန်လည်ဖမ်းဆီးကာ ဘယ်ပုဒ်မနဲ့မှမစွဲဆိုထားဘဲ မြို့မရဲစခန်းမှာ အကျဉ်းချခံထားရသူ (၁၀)ဦးကျော်ရှိတယ်လို့ သိရပါတယ်။
“ယခုအခြေအနေများသည် လွတ်ရက်စေ့ပြီးသည့်တိုင် လွတ်လပ်စွာသွားလာခွင့်အား ပေါ်ပေါ်တင်တင် ဆက်လက်ချိုးဖောက်ခံနေရခြင်းဖြစ်သည်”လို့ PPNM က ဆိုပါတယ်။
ဒါ့အပြင် မြို့မရဲစခန်း စခန်းမှူးနဲ့တာဝန်ရှိသူတွေက ငွေကြေးတက်နိုင်သူတွေကို ငွေကြေးတောင်းခံမှုပြုပြီး ပြန်လွှတ်ပေးခဲ့သလို ငွေကြေးမတတ်နိုင်သူအများစုကို မြို့မရဲစခန်းနား တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရှိတဲ့ မှန်သာဘုန်းကြီးကျောင်းအတွင်း ခေါ်ယူဖမ်းဆီးထားတယ်လို့ PPNMထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။







Comments