လူကုန်ကူးဂိုဏ်းတွေနဲ့ဆက်စပ်မှုကြောင့် ထိုင်းရဲအရာရှိ ၂ ဦးကို ရာထူးဆိုင်းငံ့ထားပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်
- BVJ

- Feb 11
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၅

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်က ရဲအရာရှိကြီး ၂ ဦးကို လူကုန်ကူးမှု၊ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိနေတယ်ဆိုတဲ့ သံသယနဲ့ ရာထူးဆိုင်းငံ့ထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ဘန်ကောက် ရဲဌာနချုပ်ကို ရွှေ့ပြောင်းထားတယ်လို့ ဘန်ကောက်ပို့စ် သတင်းဌာနက ဒီနေ့မှာ ဖော်ပြထားပါတယ်။
တာ့ခ်ခရိုင်အပါအဝင် ထိုင်းနိုင်ငံ မြောက်ပိုင်း ခရိုင်အချို့ကို ကြီးကြပ်ကွပ်ကဲခဲ့ရတဲ့ ရဲမှူးချုပ် Ekkarat Intasueb နဲ့ တာ့ခ်ခရိုင် ရဲမှူးချုပ် Samrit Aimkamol တို့အနေနဲ့ ဘန်ကောက်မြို့ ရဲဌာနချုပ်ကို ချက်ချင်းရွှေ့ပြောင်းဖို့ အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲ Kittharath Punpetch က ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက်မှာ အမိန့်ထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံ မြဝတီမြို့နယ်အတွင်းမှာရှိတဲ့ တရားမဝင် စီးပွားရေးလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်းနဲ့ လောင်းကစားလုပ်ငန်းတွေမှာ ရဲမှူးချုပ် Ekkarat Intasueb ပါဝင်ပတ်သက်နိုင်ခြေရှိမှုကို ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုရဲ့ လက်ထောက်ကော်မရှင်နာ Charoonkiat Pankaew က ဦးဆောင်စစ်ဆေးသွားမှာလည်း ဖြစ်ပါတယ်။

ရဲမှူးချုပ် Ekkarat Intasueb ဟာ ထိုင်းနယ်စပ် တာ့ခ်ခရိုင်နဲ့ မဲဆောက်မြို့နယ်တို့မှာ လူသိများ ထင်ရှားသူတစ်ဦးလည်းဖြစ်ပြီး ၂ ဧကခန့် ကျယ်ဝန်းတဲ့ မြေပေါ်မှာ ရေတံခွန်၊ ဂေါက်ကွင်းပါတဲ့ အိမ်ကြီးတစ်လုံး ပိုင်ဆိုင်ထားတယ်လို့ ထိုင်းသတင်းမီဒီယာတွေက ရေးသားဖော်ပြထားပါတယ်။ ဒါပေမဲ့ ရဲမှူးချုပ်ဟာ မဲဆောက်မှာရှိတဲ့ အစိုးရပေးတဲ့ နေအိမ်မှာသာ နေထိုင်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။
တာ့ခ်ခရိုင်အတွင်း ထိုင်း-မြန်မာနယ်စပ်ဂိတ်တွေကို အဓိကတာဝန်ယူ စီမံခန့်ခွဲရတဲ့ ရဲမှူးကြီး Samrit ကိုလည်း နိုင်ငံခြားသားတွေကို လူကုန်ကူးရာမှာ ပါဝင်ပတ်သက်နိုင်ခြေရှိမှုနဲ့ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံတွင်း လိမ်လည်ခေါ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံထဲကို မဲဆောက်၊ မယ်ရမတ်၊ ဖုတ်ဖရမြို့နယ်တို့ကနေ တရားမဝင် ပို့ဆောင်ခဲ့တာမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး သံသယရှိနေတာလည်း ဖြစ်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် တရားမဝင်လုပ်ငန်းတွေနဲ့ ပါဝင်ပတ်သက်နေတဲ့ တာဝန်ရှိသူတွေအားလုံးကို ရွှေ့ပြောင်းသွားမှာဖြစ်ပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး ဖွန်သမ်ဝီချရာချိုင်းကလည်း ပြောကြားထားပါတယ်။
Ref: Bangkok Post







Comments