လေကြောင်းအန္တရာယ်ကြောင့် တောတောင်လိုဏ်ဂူတွေထဲမှာ ကျင်းပရတဲ့ ခရစ္စမတ်နေ့ အခမ်းအနား
- Zayar Oo
- Dec 28, 2024
- 1 min read
BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၂၅ ၊ ၂၀၂၄

ကရင်နီပြည်နယ်ထဲမှာရှိနေတဲ့ ခရစ်ယာန်ဘာသာဝင်တွေက ဒီနေ့ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့အခမ်းအနားကို လေကြောင်းအန္တရာယ် လုံခြုံနိုင်မယ့် လိုဏ်ဂူ၊ ကျောက်ဂူတွေထဲမှာ ကျင်းပနေကြရတယ်လို့ သိရပါတယ်။ တိုင်းရင်းသားဒေသတွေမှာ ပြုလုပ်တဲ့ အထိမ်းအမှတ်၊ အခမ်းအနားတွေကို စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု လုပ်ဆောင်တာမျိုးတွေရှိတာမို့ ဘေးအန္တရာယ်လုံခြုံနိုင်မယ့် ရှာဖွေလုပ်ဆောင်နေရတာမျိုးဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုနဲ့ ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် လူစုလူဝေးနဲ့ ပြုလုပ်ရတဲ့ ဝတ်ပြုဆုတောင်းမှုတွေ၊ အထိမ်းအမှတ် အခမ်းအနားတွေကို တောတောင်တွေထဲ လုံခြုံရာနေရာ ရှာဖွေပြီး လုပ်ဆောင်နေရတာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက အစဉ်အလာတစ်ခုလို ဖြစ်နေလို့လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) သတင်းပြန်ကြားရေးတာဝန်ခံ သာအယ်စိုးကလည်း ပြောပါတယ်။
“ကျောက်ဂူတို့၊ လိုဏ်ဂူတို့မှာ လုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ လူစုလူဝေးနဲ့လုပ်ရတဲ့ အခမ်းအနားတွေ၊ ဝတ်ပြုမှုတွေ စတာတွေကိုတော့ လုံခြုံတဲ့နေရာတွေမှာလုပ်ရတာ ဖြစ်တဲ့အတွက် ကျောက်ဂူတွေ၊ လိုဏ်ဂူတွေမှာ လုံခြုံတဲ့နေရာတွေမှာ လုပ်ကြတာကတော့ (စစ်တပ်)အာဏာသိမ်းပြီး တိုက်ပွဲတွေပြင်းထန်တဲ့ကာလတွေမှာ လုပ်ကြရတာ အစဉ်အလာတစ်ခုလို ဖြစ်လာတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီလေကြောင်းအန္တရာယ်နဲ့ အကြမ်းဖက်တိုက်ခိုက်၊ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ကရင်နီပြည်နယ်အတွင်း ဘာသာရေးပွဲတွေနဲ့ အထိမ်းအမှတ် အခမ်းအနားတွေကို အကျဉ်းချုံးကျင်းပတာမျိုးတွေသာ လုပ်ဆောင်နိုင်တယ်လို့လည်း သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်က ဖရူဆိုမြို့နယ် မိုဆိုရွာမှာ စစ်ဘေးရှောင်တွေ တင်ဆောင်လာတဲ့ကားကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခဲ့တာကြောင့် ကလေးအပါအဝင် ဒေသခံပြည်သူ ၃၀ ကျော် သေဆုံးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်ကလည်း ဖယ်ခုံမြို့နယ် လအိကျေးရွာက ဘန်ကောက်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးပါအဝင် ၁၀ ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်ကလည်း ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ St. Mary’s Cathedral Church မှာ ကျင်းပတဲ့ ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် မိတ်သဟာယ ညစာစားပွဲအခမ်းအနားကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပါသေးတယ်။
Photo: Christ the King, Loikaw











Comments