လေကြောင်းဗုံးကြဲမှုကြောင့် မိုးကုတ်ဒေသခံ ၅ ဦး သေဆုံးခဲ့ပြီး အများအပြားထိခိုက်
- BVJ

- Feb 10, 2025
- 1 min read
BVJ/ဇော်_ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၅

မန္တလေးတိုင်း မိုးကုတ်မြို့နယ် အနောက်ပိုင်းကို စစ်ကောင်စီက ဒီနေ့ ဖေဖော်ဝါရီ ၁၀ မနက်အစောပိုင်းမှာ ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံပြည်သူ (၅)ဦးသေဆုံးခဲ့ပြီး (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။
အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး မိုးကုတ်မြို့နယ် အနောက်ပိုင်းကို ဒီနေ့ မနက်အစောပိုင်း တစ်နာရီဝန်းကျင်မှာ စစ်ကောင်စီက ဗုံးအလုံး (၂၀)ခန့် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသခံပြည်သူ အမျိုးသား (၅)ဦး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ဒေသခံ အမျိုးသား (၁၄)ဦးနဲ့ အမျိုးသမီး (၅)ဦးတို့လည်း ပါဝင်ခဲ့ပြီး PSLF/TNLA ရဲဌာနနဲ့ ပရဟိတအသင်းတွေက ဆေးဝါးကုသမှုတွေ လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။
အခုလ ဖေဖော်ဝါရီ ၆ ရက်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သပြေတောင်ဘုရားကုန်းပေါ်မှာရှိတဲ့ ဘိုးဘွားရိပ်သာစခန်း ထိခိုက်ပျက်စကာ အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ဆေးရုံနဲ့ မြို့ပေါ်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် CDM ဆရာမ (၂)ဦး၊ လူနာ (၁)ဦးနဲ့ ဒေသခံပြည်သူ( ၁)ဦး သေဆုံးခဲ့ပြီး (၂၃)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။




Comments