လက်နက် လုံလောက်အောင်မပေးနိုင်တာကြောင့် နုတ်ထွက်ကြတဲ့ တပ်ရင်းများရှိနေဟု NUG ကာကွယ်ရေးဝန်ကြီး ပြော
- BVJ

- Feb 5, 2025
- 1 min read
BVJ/မိုနာ_ ဖေဖော်ဝါရီ ၄၊ ၂၀၂၅

လက်နက် လုံလောက်အောင်တပ်ဆင်မပေးနိုင်တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) အောက်ကနေ နုတ်ထွက်သွားတဲ့တပ်ရင်းတွေ ရှိနေတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
“တပ်ရင်းတချို့ MOD CoC အောက်ကနေ နုတ်ထွက်တယ်ဆိုတာလည်း အမှန်ပါပဲ။ နုတ်ထွက်တဲ့အကြောင်းတွေကတော့ တစ်ခုမက ရှိနိုင်ပါတယ်။ ပထမအချက်အနေနဲ့ MOD က လုံလောက်အောင် လက်နက်မတပ်ဆင်ပေးနိုင်တဲ့အတွက် လက်နက်တပ်ဆင်ပေးနိုင်တဲ့အဖွဲ့အစည်းရဲ့ COC အောက်ကနေပြီးတော့ အလုပ်လုပ်တော့မယ်ဆိုတဲ့ စဉ်းစားချက်ပါ။ ဒီအချက်နဲ့ပတ်သက်ရင်တော့ ကျနော်တို့ ဉုံဖွဖြေရှင်းနိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ အဲ့တော့ ကျနော်တို့ လက်နက်တပ်ဆင်နိုင်တဲ့ဘက်ကို ကူးပြောင်းမယ်ဆိုရင်လည်း ကူးပြောင်းခွင့်ကိုလည်း လမ်းဖွင့်ပေးရဖို့ ကျနော်တို့ရှိပါတယ်။ ဒါကအကြောင်းတချက်ပါ”လို့ အခုလ ၂ရက်နေ့က ပြုလုပ်တဲ့ “နွေဦးတော်လှန်ရေး ဥရောပစကားဝိုင်း”မှာ ဝန်ကြီးက ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအောက်က တော်လှန်ရေးတပ်ဖွဲ့တွေ နုတ်ထွက်သွားတဲ့အပေါ်မှာ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပြီး နုတ်ထွက်ရတဲ့ အဓိကအကြောင်းရင်းနှစ်ချက်ကို ဝန်ကြီးက ပြောပါတယ်။
“နောက်အကြောင်းတစ်ချက်က အခု အထူးသဖြင့် တောင်ပိုင်းမှာဆိုရင် စစ်ဆင်ရေးလိုအပ်ချက်အရ စစ်ဆင်ရေးစီမံချက်များအရ လိုအပ်သလိုပေါ့၊ ကျနော်တို့ တပ်ရွှေ့ပြောင်းရတာတွေ ရှိပါတယ်။ အဲ့တော့ ဒီလိုတပ်ရွှေ့ပြောင်းရတဲ့ အစီအစဉ်တွေကို လိုက်ပါလိုခြင်းမရှိဘဲနဲ့ လက်ရှိကိုယ်ထိုင်ထားတဲ့နေရာကနေပြီးတော့ ရွှေ့ပြောင်းလိုခြင်းမပြုဘဲနဲ့ MOD COC အောက် ကနေပြီးတော့ နုတ်ထွက်ခွင့်ပြုပါဆိုတဲ့ တောင်းဆိုတဲ့အဖွဲ့တချို့လည်း ရှိပါတယ်။ သူတို့ကိုလည်း ကျနော်တို့ထွက်ခွင့်ရအောင် လမ်းဖွင့်ပေးရဖို့ပဲရှိတယ်လို့ ကျနော်ကတော့အဲ့လိုပဲမြင်ပါတယ်။ သို့သော်တော်လှန်ရေးထဲမှာ တထောင့်တနေရာကနေ ဆက်ပြီးတော့အလုပ်လုပ်နေတယ်ဆိုရင် MOD COC အောက်မှာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဒီတပ်ဖွဲ့တွေကိုလည်း ကျနော်တို့ တန်ဖိုးထားပါတယ်”

အဲ့ဒီလိုနုတ်ထွက်ခဲ့တဲ့ တပ်ရင်း၊တပ်ဖွဲ့တွေအနေနဲ့ MOD က တပ်ဆင်ပေးထားတဲ့ လက်နက်တွေကိုတော့ ပြန်အပ်ခဲ့ရမှာဖြစ်ပြီး နုတ်ထွက်တဲ့အဖွဲ့တချို့မှာ ပြန်အပ်ပြီးရှိသလို မအပ်ရသေးတာလည်းရှိတယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပြောပါတယ်။
NUG MOD ရဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ် (COC) အောက်ကနေ သုံးနှစ်ကျော် လက်နက်ကိုင်တော်လှန်ခဲ့ကြတဲ့ ရှမ်း၊ ကရင်နီနယ်စပ်ရှိ ရှမ်းတောင်တပ်ရင်းနှစ်ခုဖြစ်တဲ့ အမှတ် (၁၀၀၅) တပ်ရင်း (SSPDF)နဲ့ အမှတ် (၁၀၀၈) တပ်ရင်း (SSRY) တို့ဟာ MOD အောက်က နုတ်ထွက်ကြောင်း အခုလ ၁ ရက်က ကြေညာခဲ့ပါတယ်။
တော်လှန်ရေးအပြောင်းအလဲတွေ၊ မြေပြင်အခြေအနေတွေနဲ့ မိမိတို့ရဲ့အခက်အခဲတွေကြောင့် MOD ရဲ့ စစ်ရေး COC အောက်မှာမရှိတဲ့ ရှမ်းတောင်ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU)နဲ့ ပူးပေါင်းပြီး အခြားစုဖွဲ့မှုပုံစံတစ်ခုနဲ တော်လှန်ရေးပြီးဆုံးတဲ့အထိ ဆက်ပြီးလက်နက်ကိုင်တိုက်ပွဲဝင်သွားမယ့် အကြောင်းကိုလည်း အဲ့ဒီနှစ်ဖွဲ့က ပြောထားပါတယ်။







Comments