top of page

ရိုဟင်ဂျာ ၉၀၀ ကျော်ကို အင်းစိန်ထောင်ကနေ စစ်တွေပို့ဖို့ စစ်ကောင်စီ လုပ်ဆောင်နေကြောင်း PPNM အဖွဲ့ထုတ်ပြန်

  • Writer: BVJ
    BVJ
  • Feb 16
  • 1 min read

BVJ/ဇော် _ ဖေဖော်ဝါရီ ၁၆၊ ၂၀၂၅


Photo: AFP
Photo: AFP

မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးမှာရှိနေတဲ့ အကျဉ်းကျခံနေရတဲ့ ရိုဟင်ဂျာ ၉၁၈ ဦးကို စစ်ကောင်စီက ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရေကြောင်းကနေတဆင့် ပို့ဆောင်ဖို့ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ထုတ်ပြန်လာပါတယ်။


ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက် မနက်ပိုင်း ၆ နာရီဝန်းကျင်မှာ ရိုဟင်ဂျာအမျိုးသား ၅၈၄ ဦး၊ အမျိုးသမီး ၂၆၇ ဦး၊ ကလေး ၆၇ ဦးတို့ကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံရဲတပ်ဖွဲ့က အင်းစိန်ထောင်အတွင်းကနေ ခေါ်ထုတ်သွားခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီ ခေါ်ထုတ်သွားတဲ့ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး ပြီးခဲ့တဲ့ ရက်တွေက အင်းစိန်ထောင်ကို ပို့ဆောင်ထားတာဖြစ်တယ်လို့လည်း PPNM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


“လွန်ခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက အကျဉ်းထောင်အသီးသီးက လွတ်ရက်စေ့ပြီးသားရိုဟင်ဂျာတွေကို စစ်တွေအကျဉ်းထောင် အပါအဝင် ဧရာဝတီတိုင်းထဲက မြောင်းမြ ပုသိမ် ဖျာပုံ စသဖြင့်ပေါ့။ ဒီအကျဉ်းထောင်ထဲက ဖမ်းဆီးထားပြီးသားရိုဟင်ဂျာတွေကို ဒီလွတ်ရက်စေ့ပြီးသား ရိုဟင်ဂျာတွေကို အင်းစိန်ကို ပို့ခဲ့တာရှိပါတယ်။ စစ်တွေကို ဘာကြောင့်ပြန်ပို့ရတယ်ဆိုတာကတော့ မေးခွန်းထုတ်ရမယ့် ကိစ္စကတော့ စစ်ကောင်စီနဲ့အကျဉ်းဦးစီးဌာနကပိုပြီးသိနိုင်တယ်။ ကျနော်တို့သိရှိထားတဲ့ အချက်အလက်တွေအရပဲ ပြောရမယ်ဆိုရင်တော့ ဒါဟာအင်မတန် စိုးရိမ်ရတဲ့အခြေအနေတစ်ခုဖြစ်တယ်။ စစ်တွေဟာ လက်ရှိစစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့ မကြာခဏထိတွေ့တိုက်ပွဲဖြစ်နေတဲ့ ရှေ့တန်းစစ်မြေပြင်ဖြစ်လာတယ်” လို့ PPNM တာဝန်ခံ ကိုသိုက်ထွန်းဦးက Burma VJ ကို ပြောပါတယ်။


အာရက္ခတပ်တော် (AA) နဲ့ စစ်ရေးတင်းမာနေတဲ့ စစ်တွေမြို့ဆီကို အကျဉ်းထောင်ကနေ လွတ်လာတဲ့ ရိုဟင်ဂျာတွေကို ပြန်ပို့တာဟာ ကာယကံရှင်တွေအတွက် အသက်အန္တရာယ်များပြီး လူသားတံတိုင်းအနေနဲ့ အသုံးချခံရနိုင်တာမျိုးတွေလည်း ရှိနိုင်တယ်လို့ ကိုသိုက်ထွန်းဦးက ဆက်ပြောပါတယ်။


စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) ဝန်ထမ်း ၅၀ ကျော်တို့က မနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ အကျဉ်းထောင်အတွင်းလာပြီး ရိုဟင်ဂျာတွေကို အထောက်အထားကဒ်တွေ လုပ်ပေးသွားတယ်လို့လည်း ဖော်ပြထားပါတယ်။ ဘယ်လိုအထောက်အထားကဒ် အမျိုးအစားဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ဖို့ ကြိုးစာနေဆဲဖြစ်တယ်လို့ PPNM က ဆိုပါတယ်။


အင်းစိန်အကျဉ်းထောင်ကနေ လွတ်ရက်စေ့ ရိုဟင်ဂျာအကျဉ်းသား ၉၃၆ ဦးရှိခဲ့ပေမဲ့ အမျိုးသား ၁၈ ဦးကို အင်းစိန်ထောင်အတွင်းမှာ ချန်လှပ်ထားခဲ့ပြီး ကျန် ၉၁၈ ဦးကိုသာ စစ်ကောင်စီနဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page