ရာသီဥတုအေးလာတာကြောင့် စစ်ကိုင်းတိုင်းထဲက စစ်ရှောင်တွေ အကူအညီလိုအပ်နေ
- Zayar Oo
- Jan 7
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၆ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ကန့်ဘလူမြို့နယ်နဲ့ မင်းကင်းမြို့နယ်တို့က စစ်ဘေးရှောင်တွေ အစားသောက်နဲ့ ကျန်းမာရေးအကူအညီ လိုအပ်မှုတွေရှိနေပြီး ဆောင်းရာသီဥတုကြောင့် စောင်၊ အနွေးထည်တွေလည်း လိုအပ်မှုရှိနေတယ်လို့ သိရပါတယ်။
ဒေသတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးမှုကြောင့် စစ်ဘေးရှောင်လာကြရတဲ့ စစ်ဘေးရှောင် (၂၀၀)ဝန်းကျင်ခန့်ဟာ ခင်ဦးမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်အစပ်မှာ ယာယီတဲထိုးနေထိုင်ကြရပြီး ရာသီဥတု အအေးဒဏ်ကြောင့် စောင်နဲ့ အနွေးထည်တွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
“နေရပ်စွန့်ခွာ စစ်ရှောင်ပြည်သူတွေပါ။ အေးတဲ့ရာသီဖြစ်တဲ့အတွက် စောင်၊ အနွေးထည် စားစရာများလိုအပ်ပါတယ်။ ကန့်ဘလူမြို့နယ်နဲ့ ခင်ဦးမြို့နယ်စပ်က စစ်ရှောင်ပြည်သူတွေ ဖြစ်ပါတယ်။ စစ်ရှောင်နေရတာ တစ်လကျော်လာနေပြီဖြစ်တာမို့ စားစရာ ဆန်ဆီများ လိုအပ်နေပါတယ်။ ကူညီပေးကြပါဦး” လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် သောက်သုံးရေမသန့်ရှင်းမှုနဲ့ ချောင်းရေ၊ မြစ်ရေကို အဓိကထားသုံးစွဲနေရတာကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုတွေလည်းရှိနေသလို ဆေးဝါးအကူအညီလိုအပ်နေတယ်လို့လည်း သိရပါတယ်။ ခင်ဦးမြို့နယ်မှာ စစ်ဘေးရှောင် နှစ်သိန်းကျော်နဲ့ ကန့်ဘလူမြို့နယ် စစ်ဘေးရှောင် (၁၅၀၀၀၀) နီးပါးအထိရှိနေပြီး စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ဘေးရှောင်အများဆုံးရှိနေတာလည်း ဖြစ်ပါတယ်။
မင်းကင်းမြို့နယ်အတွင်းမှာလည်း စစ်ဘေးရှောင်အရေအတွက် ခြောက်သောင်းနီးပါးရှိနေပြီး ဆောင်းရာသီကာလ ရာသီတုပ်ကွေးဖြစ်ပွားမှုနဲ့ ရေပြတ်လပ်မှုတွေ ရှိနေကာ အရေပြားရောဂါ ဖြစ်ပွားမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်အတွက် နေ့စဉ် စားသုံးဖို့ စားနပ်ရိက္ခာ အကူအညီတွေလည်း လိုအပ်မှုရှိသလို နေ့စဉ်သုံး ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ မင်းကင်းမြို့နယ်အတွင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးထံက သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ လက်အောက်ခံ ပျူစောထီးအဖွဲ့တွေကြောင့် အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေကြောင့် စစ်ကိုင်းတိုင်းအတွင်း နေရပ်စွန့်ခွာ စစ်ဘေးရှောင် ၁၂၅၈၃၀၀ ကျော်ရှိနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကော်မရှင်နာမင်းကြီး (UNHCR) ရဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့အထိ ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။



















Comments