ရှမ်းမြောက်စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ ပြည်သူ့လွတ်မြေက်ရေးတပ်မတော်PLA ဖွဲ့စည်းခဲ့တာ ၄နှစ်ပြည့်ပြီ
- BVJ

- Mar 19
- 1 min read
BVJ/ထက်အောင် _ မတ် ၁၅ ၊ ၂၀၂၅

စစ်အာဏာရှင်စနစ်၊ ဖက်ဆစ်စနစ်အပါအဝင် စစ်သုံးစစ်အမြတ်ပြတ်ရေးနဲ့ ဘုံရန်သူကို ချေမှုန်းနိုင်ရေးတို့အတွက် စစ်ကောင်စီကို တော်လှန်နေတဲ့အဖွဲ့အားလုံးနဲ့ ပူးပေါင်းနေပြီး တိုက်ပွဲဝင်နေတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ ၄ နှစ်ပြည့်အခမ်းအနားကို ဒီနေ့ မတ်လ ၁၅ ရက်က လွတ်မြောက်ဒေသတစ်နေရာမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီရဲ့တပ်မတော်ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကို ၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်မှာ ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့ပြီးနောက် စစ်အာဏာရှင်တော်လှန်ရေးကာလတစ်လျှောက် မြန်မာနိုင်ငံ ဒေသအနှံ့မှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေတာလည်း ဖြစ်ပါတယ်။
PLA တပ်ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတို့မှာ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့အပါအဝင် မဟာမိတ်တပ်တွေနဲ့ပူးပေါင်းပြီး စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူချိန် တိုက်ပွဲကြီးတိုက်ပွဲငယ်တွေကို ရင်ဆိုင်တိုက်ခိုက်ခဲ့သလို လားရှိုး၊ မိုးကုတ်၊ မိုးမိတ်၊ သီပေါ၊ သိန္နီမြို့တိုက်ပွဲမှာလည်း တိုက်ပွဲပေါင်းရာနဲ့ချီ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
“PLA တည်ထောင်ခဲ့တဲ့ ၄ နှစ်တာကာလအတောအတွင်း စစ်ကောင်စီနဲ့တိုက်ခဲ့တဲ့ တိုက်ပွဲအကြီးအသေးကတော့ ရာချီပြီးတော့ ရှိနေပါပြီ။ အဓိကအားဖြင့် ၁၀၂၇ ပထမလှိုင်းမှာ သိန္နီမြို့သိမ်းတိုက်ပွဲနဲ့ စကခ ၁၆ ကိုသိမ်းတဲ့ တိုက်ပွဲဟာဆိုရင် အားလုံး သိန္နီမြို့သိမ်းတိုက်ပွဲက ၂ ရက်၊ ၃ ရက်နဲ့ပြတ်ပေမဲ့ စကခ ၁၆ ကိုသိမ်းတဲ့တိုက်ပွဲက အားလုံးစုစုပေါင်း ၇၂ ရက်ကြာတဲ့အချိန်မှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲကြီးက အရမ်းပြင်းထန်ခဲ့တယ်။ မိုးလင်းမိုးချုပ်တိုက်ခဲ့ရတယ်။ လေကြောင်းနဲ့ဖိတာတွေ၊ လက်နက်ကြီးလက်နက်ငယ်၊ တင့်ကားတပ်ရင်းတွေနဲ့တိုက်တဲ့ကြားကနေ ကျွန်မတို့ရဲဘော်တွေ ကြံ့ကြံ့ခံပြီး တိုက်ပွဲတွေ အောင်မြင်ခဲ့တယ်”လို့ PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က Burma VJ ကို ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေမှာ PLA အနောက်မြောက်စစ်ဒေသမှာလည်း တပ်ဖွဲ့တွေ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သလို မဟာမိတ်တပ်တွေနဲ့အတူ စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ မြို့ပေါင်း ၁၀ မြို့ဝန်းကျင်အထိရှိတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် တောင်ပိုင်းစစ်ဒေသ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်ရင်းတွေအတူ ပူးပေါင်းတိုက်ခိုက်နေသလို အမျိုးသားညီညွတ်ရေးအစိုး (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့တွေလည်း ပူးပေါင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
“ကျွန်မတို့ အခုလည်း TNLA နဲ့တွဲပြီး တိုက်နေတာတွေ ရှိတယ်။ မန္တလေး PDF ၊ မိုးကုတ်ဗျူဟာတို့၊ တခြား ABSDF တို့၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့၊ NUG အောက်က တပ်ဖွဲ့တွေရယ်၊ NUG အောက်ကမဟုတ်တဲ့ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတာလည်း ရှိပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့လည်း မဟာမိတ်ဆက်ဆံရေး ရှိပါတယ်” လို့ ရဲဘော်နီနီကျော်က ပြောပါတယ်။
ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအတွင်း မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်ချိန် မိုးကုတ်၊ သပိတ်ကျင်း၊ မတ္တရာ၊ တွင်းငယ်တစ်လျှောက်မှာရှိတဲ့ စစ်ကောင်စီ တပ်ရင်းစခန်း၊ ကာကင်းစခန်းတွေကို ဖြတ်တောက်ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့သလို တနင်္သာရီတိုင်းအတွင်း တိုက်ပွဲတွေလည်း KNU လက်အောက်ခံတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်နေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ တပ်ရင်းတပ်ဖွဲ့အားလုံးနဲ့ အတူပူးပေါင်းပြီး မြန်မာတစ်နိုင်ငံလုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်တဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ရဲဘော်နီနီကျော်ပြောထားပြီး မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်နိုင်တာတွေကို အတူလုပ်ဆောင်သွားမှာြဖစ်သလို ဘုံရန်သူအမြစ်ပြတ်ရေးအတွက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

















Comments