ရှမ်းမြောက်စစ်ဆင်ရေးမှာ တိုက်ပွဲဝင်ခဲ့တဲ့ PLA တပ်ဖွဲ့ဝင်တွေက အညာဒေသကို ပြန်လည်ရောက်ရှိ
- Zayar Oo
- Jan 5
- 1 min read
MNDAA နဲ့ ချိတ်ဆက်လုပ်ဆောင်နေတာတွေ မရှိတော့ဘူးလို့ PLA ပြော
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၃ ၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်စခန်းတွေကို မြောက်ပိုင်း မဟာမိတ်ညီနောင်တွေနဲ့ ပူးပေါင်းသိမ်းယူတိုက်ပွဲဝင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်ဖွဲ့ဝင်တွေဟာ အမှတ် ၁ စစ်ဒေသ အညာဒေသကို ပြန်လည်ရောက်ရှိလာပြီလို့ သိရပါတယ်။
ယခုတစ်ကြိမ် ထပ်မံရောက်ရှိလာတဲ့ PLA တပ်ဖွဲ့ဝင်တွေဟာ အမှတ် ၉ စစ်ဒေသ ရှမ်းမြောက်ကနေ ပြန်လာတဲ့ ဒုတိယအသုတ် တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ပထမအသုတ်အနေနဲ့ ပြန်လည်ရောက်ရရှိလာကြပါသေးတယ်။ အညာဒေသကို PLA တပ်ဖွဲ့ဝင်တွေ ပြန်လည်ရောက်ရရှိလာပေမဲ့ ရှမ်းမြောက်ဒေသအတွင်းမှာလည်း ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
“အကုန်ဆင်းတာတော့ မဟုတ်ပါဘူး” လို့ PLA အထွေထွေအတွင်းရေးမှူးနဲ့ သတင်းပြန်ကြားရေး တာဝတန်ခံ ရဲဘော် နီနီကျော်က ပြောပါတယ်။ အညာဒေသတွင်း ပြန်လည်ရောက်ရှိတဲ့ PLA ရဲဘော်တွေကို ဒေသခံတွေက သောင်းသောင်းဖျဖျ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့လည်း သိရပါတယ်။
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်း တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်သိမ်းယူချိန် မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ သိန္နီ၊ လားရှိုး၊ မိုးမိတ်၊ သီပေါ မြို့သိမ်းတိုက်ပွဲတွေကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ PLA တပ်ဖွဲ့ ရဲဘော်တွေ အညာဒေသကို ပြန်လာနေကြပြီဖြစ်ပြီး MNDAA နဲ့ ချိတ်ဆက်လုပ်ဆောင်နေတာတွေ မရှိတော့ဘူးလို့ ရဲဘော် နီနီကျော်ကလည်း Burma VJ ကို ပြောပါတယ်။
အညာဒေသတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို မဟာမိတ်တပ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတာမျိုးတွေရှိနေပြီး ဒေသတွင်း Local ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တပ်ရင်းတပ်ဖွဲ့များနဲ့ ပူးပေါင်းလုပ်ဆောင်နေတာတွေရှိနေတယ်လို့ ရဲဘော် နီနီကျော်က ပြောပါတယ်။ ဒါ့အပြင် PLA အနေနဲ့ ဒေသတွင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတာကြောင့် NUG တပ်ရင်းတွေကလည်း လိုအပ်တာတွေ ကူညီလုပ်ဆောင်ပေးနေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။



























Comments