ရှမ်းပြည်ကိုယ်စားပြုမုခ်ဦးကို ပလောင်လူမျိုးအမှတ်သရုပ်နဲ့ အစားထိုးပြောင်းခဲ့တဲ့ TNLA ကန့်ကွက်ခံရ
- BVJ

- Feb 10
- 1 min read
BVJ/ယူဂရင်း_ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၅

ရှမ်းပြည်နယ်၊ သီပေါမြို့အဝင်မုခ်ဦးမှာ ရေးဆွဲထုဆစ်ထားတဲ့ ရှမ်းပြည်ကိုယ်စားပြုအမှတ်သရုပ်ကို ပလောင်လူမျိုးအမှတ်သရုပ်နဲ့ အစားထိုးပြောင်းလဲလုပ်ဆောင်ခဲ့တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်-TNLA ကို ကန့်ကွက်ရှုတ်ချတယ်လို့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အဲ့ဒီမုခ်ဦးကို ဖေဖော်ဝါရီလ ၇ ရက်နေ့က ပြောင်းလဲခဲ့တာဖြစ်ပြီး အရင် ၂၀၂၃၊ သြဂုတ်လ ၇ ရက်ကလည်း မူဆယ်မြို့နယ်၊ စယ်လန့်ရွာက ရှမ်းလူမျိုးတို့ရဲ့အထွဋ်အမြတ် အခေါင်အချုပ်ဖြစ်တဲ့ စဝ်ဆေခန်ဖ နန်းမြို့ရိုးဟောင်းကို ဘူဒိုဇာနဲ့ ဖျက်ဆီးခဲ့ကြောင်းနဲ့ အဲ့ဒီ ရှမ်းလူမျိုးတို့အမြတ်တနိုး ထိန်းသိမ်းထားရှိတဲ့ စဝ်ဆေခန်ဖရဲ့နန်းမြို့ရိုးဟောင်းကို ဖျက်ဆီးတဲ့အချိန်တုန်းက လူမျိုးရေးပဋိပက္ခမဖြစ်ပွားစေဖို့ ရည်ရွယ်ပြီး စစ်ရေးနည်းလမ်းအစား ငြိမ်းချမ်းစွာနဲ့ဆွေးနွေးဖြေရှင်းတဲ့နည်းလမ်းကို ရှမ်းအဖွဲ့အစည်းအသီးသီးက ဆောင်ရွက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

TNLA ဟာ အရင်နှစ်တွေကလည်း ကွတ်ခိုင်မြို့နယ် မိုင်းယုဒေသ၊ နမ္မတူမြို့နယ် မိုင်းရင်ဒေသစတဲ့နယ်မြေတွေမှာ အလားတူကိစ္စရပ်တွေကိုပြုလုပ်ခဲ့တဲ့အပြင် ရှမ်းပြည်မြောက်ပိုင်းမှာ ဒီမိုကရေစီမဆန်တဲ့ အခြားကိစ္စရပ်တွေကိုလည်း ပြုလုပ်နေတာဟာ ဒေသခံပြည်သူတွေရဲ့ ဆန္ဒသဘောထားကို မထီမဲ့မြင်ပြုခြင်း၊ အချုပ်အခြာအာဏာပိုင်ပြည်သူတို့ကို လေးစားသမှုမရှိခြင်းလို့ ဆိုထားပါတယ်။
ဒါ့ကြောင့် မိမိအစုအဖွဲ့ လိုဘတစ်ခုတည်းကိုသာ ဦးတည်ဆောင်ရွက်ခြင်း၊ ဒီမိုကရေစီ အနှစ်သာရတွေ၊ လက်ရှိတော်လှန်ရေးရဲ့ ဦးတည်ချက်တွေနဲ့ ဆန့်ကျင်ကွဲလွဲနေခြင်း၊ တိုင်းရင်းသားလူမျိုးအချင်းချင်း ပဋိပက္ခ မဖြစ်ပွားဘဲ ငြိမ်းချမ်းစွာ အတူအကွယှဉ်တွဲနေထိုင်နိုင်ရေးကို ဆန့်ကျင်ရာရောက်ခြင်းတို့ကြောင့် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အနေနဲ့ TNLA ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူလွေးယေဦးကို Burma VJက ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားလာတာမရှိသေးပါဘူး။







Comments