top of page

ရှမ်းတောင်ပိုင်းရှိ ပျားစစ်ကြောင်းကိုလက်နက်ဖြုတ်သိမ်းဖို့ ရှမ်းအရပ်ဘက်အဖွဲ့တွေ တောင်းဆို

  • Writer: BVJ
    BVJ
  • Mar 24
  • 1 min read

စွပ်စွဲချက်နဲ့ပတ်သက်ပြီး ဖယ်ခုံပလဖ ငြင်းဆို


BVJ/အိုင်းရစ် _ မတ် ၂၄ ၊ ၂၀၂၅


ree

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် အုံတိုင်းကျေးရွာမှာ သံဃာတော်တစ်ပါးနဲ့ အမျိုးသားတစ်ဦး အသတ်ခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျူးလွန်ခဲ့တဲ့အဖွဲ့ ပျားစစ်ကြောင်းအဖွဲ့ကို လက်နက်ဖြုတ်သိမ်းပေးဖို့ ဒေသတာဝန်ရှိသူတွေထံတောင်းဆိုကြောင်း ရှမ်းအရပ်ဘက်အဖွဲ့ ၁၇ ဖွဲ့က မနေ့က မတ်လ ၂၃ ရက်မှာ တောင်းဆိုလိုက်ပါတယ်။


အခု မတ်လ ၄ ရက်နေ့က ဖယ်ခုံမြို့နယ် အုံတိုင်းကျေးရွာ ဘုန်းကြီးကျောင်းမှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့ ရွှေဓမ္မရောင်ခြည်သျှမ်းကျောင်းဆရာတော် ဦးဓမ္မသာရ(ခ)ဦးဇင်းပိန်နဲ့ ကပ္ပိယဖြစ်သူ ဦးစိုင်းပီတို့ကို ဒလန်လို့စွပ်စွဲပြီး ပျားစစ်ကြောင်းအဖွဲ့က ပစ်သတ်ခဲ့တာကြောင့် အခုလိုတောင်းဆိုရတာလို့သိရပါတယ်။


ဒလန်လို့စွပ်စွဲကာ သံဃာတော်နဲ့ အမျိုးသားတစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ပျားစစ်ကြောင်းအနေနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်တာကြောင့် ခြွင်းချက်မရှိအရေးယူဖို့နဲ့ စစ်ဥပဒေအရ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ တာဝန်ယူတရားစွဲဆိုဖို့နဲ့ အမှုမှန်မပေါ်ပေါက်မချင်း ပျားစစ်ကြောင်းရဲ့လက်နက်တွေကို ဒေသတွင်း တာဝန်ရှိသူတွေက တာဝန်ခံထိန်းသိမ်းပေးဖို့ကိုလည်း တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။


အခုဖြစ်ရပ်အတွင်း ကရင်နီကြားကာလကောင်စီ (IEC) က ဖယ်ခုံဒေသတာဝန်ရှိသူတွေနဲ့ပူးပေါင်းကာ အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတမှုအတွက် တရားစွဲဆိုဆောင်ရွက်နိုင်ရေးတို့ကို လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။


ree

“မြေပြင်မှာဖြစ်ပျက်နေတဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီးတော့မှ မေးမြန်းထားဆဲပဲ ရှိပါတယ်။ ဒါပေမဲ့ နဂိုကတည်းက တပ်ပေါင်းစုံတွေနဲ့ ညှိနှိုင်းထားချက်အရ သံဃာတော် ပျံလွန်တယ်မူတာရယ်၊ ကပ္ပိယ သေဆုံးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေး တရားမျှတမှုရရှိရေးအတွက် အရပ်ဘက်တရားရုံးကနေ ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့ဟာကတော့ နဂိုမူလအတိုင်းပဲ ဆက်ပြီးတော့ လုပ်သွားဖို့ရှိပါတယ်” လို့ IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်ကလည်း Burma VJ ကို ပြောပါတယ်။


အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်ထားသူတွေကို အရေးယူနိုင်ရေး ဆောင်ရွက်နေချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဖယ်ခုံ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဖယ်ခုံမြို့ ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းရွာက ဒေသခံပြည်သူတွေကို ပျားစစ်ကြောင်းရဲ့လုပ်ရပ် မှန်ကန်ကြောင်း ထောက်ခံလက်မှတ်တွေ အဓမ္မကောက်ယူနေတယ်လို့လည်း ရှမ်းအရပ်ဘက်အဖွဲ့က ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါသေးတယ်။


ဖယ်ခုံပလဖရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အပြင် အမှုဖြစ်စဉ်အတွင်း မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေဖြစ်ပေါ်စေနိုင်တာကြောင့် ဒေသတွင်း တာဝန်ရှိသူတွေအနေနဲ့ ဒေသခံပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ကိုလည်း တောင်းဆိုထားပါသေးတယ်။


ree

ရှမ်းအရပ်ဘက်အဖွဲ့ရဲ့ ထုတ်ပြန်ချက်ပါ စွပ်စွဲချက်အချို့နဲ့ပတ်သက်ပြီး ဖယ်ခုံပလဖဘက်က ငြင်းဆိုထားပြီး နားလည်မှုလွဲမှားတဲ့စွပ်စွဲချက်သာဖြစ်တာကြောင့် မြေပြင်အခြေအနေမှန်ကို သိရှိလိုပါက ကာယကံရှင်အဖွဲ့အစည်းဆီမေးမြန်းစုံစမ်းမှု ကနဦးလုပ်ဆောင်ဖို့ကိုလည်း ဖယ်ခုံပြည်သူ့လုံခြုံရေးအဖွဲ့ PK Police က ဒီနေ့ မတ်လ ၂၃ ရက်မှာ ထုတ်ပြန်လာပါတယ်။


ရှမ်းအရပ်ဘက်အဖွဲ့ရဲ့ ဖယ်ခုံပလဖအပေါ် ရည်ညွှန်းစွပ်စွဲချက်နဲ့ပတ်သက်ပြီး တစ်ဖက်သက်စွပ်စွဲချက် အခြေအနေတစ်ရပ်သာဖြစ်သလို ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ အကျိုးပျက်စီးစေမယ့် အပြုအမူတွေကို လုပ်ဆောင်သွားမှာမဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။


ရွှေဓမ္မရောင်ခြည်သျှမ်းကျောင်းဆရာတော် ဦးဓမ္မသာရ(ခ)ဦးဇင်းပိန်နဲ့ ကပ္ပိယဖြစ်သူ ဦးစိုင်းပီတို့ဟာ ဒလန်ဖြစ်တာကြောင့် စုံစမ်းမေးမြန်းဖို့ခေါ်ယူပေမယ့်ငြင်းဆန်တဲ့အတွက် ပျားစစ်ကြောင်းအဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တာဟုတ်မှန်ကြောင်းနဲ့ ဦးဇင်းနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုလည်း PK Police ကထုတ်ပြန်ထားပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page