ရုပ်အလောင်း ၃၂ဦး တွေ့ရှိပြီးနောက် ဖားကန့်နွံကန်ပေါက်ကျမှု ရှာဖွေကယ်ဆယ်ရေးရပ်ဆိုင်း
- BVJ

- Jan 17, 2025
- 1 min read
BVJ/မိုနာ_ ဇန်နဝါရီ ၁၆၊ ၂၀၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု စပေါ့ရွာက ကျောက်စိမ်းတွင်းဟောင်း နွံကန်ပေါက်ကျမှုအတွင်း ရှာဖွေကယ်ဆယ်ရေးတွေပြုလုပ်ခဲ့ရာမှာ မနေ့က ဇန်နဝါရီလ ၁၅ ရက်အထိ ကလေးငယ်လေးတွေအပါအဝင် သေဆုံးသူ (၃၂)ဦးရဲ့ ရုပ်အလောင်းကိုတွေ့ရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေဆီက သိရပါတယ်။
နွံကန်ပေါက်ကျမှုက အခုလ ၁၃ရက်မနက်အစောပိုင်း တစ်နာရီမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ရှာဖွေမှုအရ (၂)နှစ်သားကလေးငယ်အပါအဝင် အသက်(၉၀)နီးပါးသက်ကြီးရွယ်အိုတွေရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာပါ။
လက်ရှိမှာတော့ ရှာဖွေမှုကိုရပ်ဆိုင်းလိုက်ပြီးလို့ ကူညီကယ်ဆယ်ရေးလုပ်နေသူ မှော်မင်းသား-ပရဟိတအဖွဲ့က ဇန်နဝါရီ ၁၅ရက်ညနေပိုင်းမှာ အသိပေးထားပါတယ်။
“အားလုံးစုစုပေါင်း ရုပ်အလောင်း ၃၂ လောင်း ရှာဖွေတွေ့ရှိ၍ ကျန်ရှိစာရင်းပေးထားသော ရုပ်အလောင်းများလဲ မတွေ့ရှိခဲ့ပါသောကြောင့် မိသားစုများအားလုံးနှင့် ထပ်တူဝမ်းနည်းရပါသည်”လို့ ပြောထားပါတယ်။
ရှာဖွေမှုအတွင်း ဇန်နဝါရီလ ၁၃ ရက်နေ့မှာ အသက်ရှင်နေသေးတဲ့တစ်ဦးကိုကယ်ထုတ်နိုင်ခဲ့ပေမယ့် ဆေးရုံမှာ ဆေးကုသမှုခံယူရင်း သေဆုံးသွားတယ်လို့လည်း သိရပါတယ်။
ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု မနမှော်က ကျောက်စိမ်းတူးတဲ့လုပ်ကွက်ဟောင်းမှာ ပြီးခဲ့တဲ့၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ကလည်း မြေပြိုတဲ့အတွက် ရေမဆေးရှာဖွေသူ (၃၀)ကျော် ရေနစ်သေဆုံးခဲ့ရပါတယ်။







Comments