ရွှေ့ပြောင်းလုပ်သားတွေအတွက် ဆေးမှတ်တမ်းအတု ပြုလုပ်နေသူတွေကို ဖမ်းမယ်လို့ ထိုင်းအစိုးရ ပြော
- Zayar Oo
- Dec 28, 2024
- 1 min read
BVJ/ထက်အောင် _ ဒီဇင်ဘာ ၂၇ ၊ ၂၀၂၄

ကျန်းမာရေးဆေးစစ်မှု အမှန်တကယ်မလုပ်ဆောင်ဘဲ ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဆေးစစ်မှတ်တမ်းအတု ရောင်းချနေသူရှိတာကြောင့် အဲ့ဒီလူတွေကို ဖမ်းဆီးအရေးယူဖို့ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Somsak Thepsutin က ညွှန်ကြားထားပါတယ်။
ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်ခွင့်ရဖို့အတွက် ကျန်းမာရေးဆေးစစ်မှုမှတ်တမ်း ရှိဖို့လိုအပ်ပြီး ရွှေ့ပြောင်းလုပ်သားတွေကို ကျန်မားရေးဆေးစစ်မှု အမှန်တကယ် လုပ်ဆောင်ပေးတာမျိုးမရှိဘဲ ဆေးစစ်မှတ်တမ်းအတု ထုတ်ပေးနေတာတွေ ရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
“ဒီလို တရားမဝင် ဆေးမှတ်တမ်းအတု ရောင်းချနေတဲ့သူတွေကို ကျွန်တော်တို့ ဖမ်းဆီးအရေးယူသွားပါမယ်”လို့ ကျန်းမာရေးဝန်ကြီး Somsak က ပြောပါတယ်။ ဒီလိုတရားမဝင် လုပ်ဆောင်တာဟာ ကူးစက်ရောဂါဖြစ်ပွားမှုကို ပိုမိုဆိုးရွားစေပြီး ကျန်မားရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်တာ လုပ်ဆောင်ရာမှာ ပိုမိုဝန်ပိစေတယ်လို့ ဆိုပါတယ်။
ဒေသဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှု လုပ်ကိုင်နေတဲ့ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဆေးမှတ်တမ်းတွေကို လိုက်လံစစ်ဆေးဖို့ အခက်အခဲရှိတာကြောင့် ဆေးမှတ်တမ်း အတုပြုလုပ်သူတွေကို တွေ့ရှိ၊ သိရှိပါက သက်ဆိုင်ရာအာဏာပိုင်တွေကို အကြောင်းကြားပေးဖို့ကိုလည်း Mr. Somsak က ပြောပါတယ်။
လက်ရှိ ထိုင်း-မြန်မာနယ်စပ်မှာ မြဝတီမြို့နယ်မှာ ဖြစ်ပွားနေတဲ့ ဝမ်းရောဂါကူးစက်မှုအခြေအနေကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကျန်းမာရေးစစ်ဆေးမှုအပေါ် ပိုမိုအာရုံစိုက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ကာလဝမ်းရောဂါ ကူးစက်ခံထားရတဲ့ ထိုင်းနိုင်ငံသား နှစ်ဦးကို တွေ့ရှိခဲ့ပြီးနောက် အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ဆက်နွယ်နေသူတွေကိုလည်း ဆက်လက်စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ ဒါ့အပြင် ယင်းနေရာတဝိုက်မှာရှိတဲ့ လူ ၁၄၀၀ ကျော်ကိုလည်း ဝမ်းရောဂါကာကွယ်ဆေးပေးထားတယ်လို့လည်း သိရပါတယ်။
မြဝတီမြို့နယ် ရွှေကုက္ကိုမှာဖြစ်ပွားနေတဲ့ ဝမ်းရောဂါအခြေအနေကြောင့် ထိုင်းကျန်းမာရေးဝန်ကြီးဌာနက လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ အကူအညီတွေနဲ့ ဆေးဝါးတွေကို ထောက်ပံ့ပို့ဆောင်ပေးထားတယ်လို့လည်း သိရပါတယ်။







Comments