ရေစကြိုမြို့နယ် ရေလယ်ကျွန်းတိုက်ပွဲအတွင်း စစ်ကောင်စီဗိုလ်ကြီးအပါအဝင် ၉ ဦး သေဆုံး
- BVJ

- Mar 4
- 1 min read
BVJ/အိုင်းရစ် _ မတ် ၁ ၊ ၂၀၂၅

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့ပြီး တပ်သား ၉ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ Myingyan Black Tiger (MBT) ထံက သိရပါတယ်။
ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ MBT နဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၉ ဦး သေဆုံးခဲ့ကာ ၂၀ ဝန်းကျင်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရေလယ်ကျွန်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကိုင်းတိုင်းအခြေစိုက် တပ်မ ၃၃ တပ်ရင်းတွေအပါအဝင် ပခုက္ကူတပ်ရင်း၊ ရေစကြိုမြို့နယ် အခြေစိုက် အမှတ် ၂၅၆ ၊ ၂၅၇ ၊ ၂၅၈ ခြေလျင်တပ်ရင်းက တပ်ဖွဲ့တွေနဲ့ ပျူစောထီးတွေပါ ပူးပေါင်းစစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကလည်း ပြောပါတယ်။
ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို မဟာမိတ်တွေတပ်ဖွဲ့တွေထံ ထိန်းသိမ်းထားပြီး လက်ရှိ စစ်ရေးတင်းမာနေတဲ့ အခြေအနေတွေကြောင့် စစ်သုံ့ပန်းတွေရဲ့ အခြေအနေတွေကို အသေးစိတ် မသိရသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဂျက်ဖိုက်တာလေယာဉ်နဲ့ တစ်ကြိမ်၊ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ တစ်ကြိမ် လေကြောင်းပစ်ကူပေးခဲ့ပေးခဲ့တယ်လို့ သိရပြီး MBT ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေကဘက်က ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီထံက RPG-7 တစ်လက်အပါအဝင် လက်နက်ငယ်အချို့နဲ့ အခြားဆက်စပ်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့ပါသေးတယ်။
ယင်းစစ်ဆင်ရေးကို Myingyan Black Tiger (MBT) တပ်ဖွဲ့နဲ့အတူ မြောင်တပ်ပေါင်းစု၊ Royal Brother Defence Force (RBDF)၊ သွေးသောက်တပ်ဖွဲ့၊ ရေစကြိုမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)၊ စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း (MSPDF) နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။















Comments