top of page

ရွေးကောက်ပွဲ အထမြောက်တဲ့အဆင့်ကိုသာ ဦးစားပေးဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင် ထုတ်ပြော

  • Writer: BVJ
    BVJ
  • Apr 5
  • 1 min read

BVJ/ယူဂရင်း_ မတ် ၂၆၊ ၂၀၂၅

ree

ရွေးကောက်ပွဲ အထမြောက်တဲ့အဆင့်ကိုသာ ဦးစားပေးပြီးမြောက်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း မနေ့က မတ် ၂၅ရက်က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ပြောလိုက်ပါတယ်။


‌ရွေးကောက်ပွဲဥပဒေမှာ ရွေးကောက်ပွဲပြုလုပ်ဖို့ ရက်ကန့်သတ်ထားတာမရှိကြောင်းနဲ့ ပါလီမန် ဒီမိုကရေစီခေတ်မှာလည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကြောင့် ရွေးကောက်ပွဲကို တစ်ကြိမ်တည်းကျင်းပခဲ့တာမဟုတ်ဘူးလို့ စစ်ခေါင်းဆောင်က ပြောလာတာပါ။


“မိမိတို့ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတပြီး မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်အောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဥပဒေ၌ ရွေးကောက်ပွဲအား ဖြစ်နိုင်သရွေ့တစ်နေ့တည်းကျင်းပရန်၊ အများပြည်သူရုံးပိတ်ရက်တွင် ပြုလုပ်ရန်၊ ကြိုတင် ကြေညာရန်ပြဋ္ဌာန်းပါရှိကြောင်း၊ ထို့ကြောင့်ရွေးကောက်ပွဲပြုလုပ်ရန်အတွက် ရက်အကန့် အသတ်ပြုလုပ်ထားခြင်းမရှိဟု ပြောရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသမိုင်း၌ ပါလီမန် ဒီမိုကရေစီခေတ်တွင်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့် ရွေးကောက်ပွဲအား တစ်ကြိမ်တည်းကျင်းပခဲ့ခြင်းမဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲ အထမြောက်သည့်အဆင့်ကို ဦးစားပေးပြီးမြောက်အောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်များကျင်းပရာတွင် အစည်း အဝေး အထမြောက်ခြင်းနှင့်ပတ်သက်၍ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ် ကြောင်း”စတာတွေကို ပြောပါတယ်။


ဒါ့အပြင် Electronic Voting Machineတွေနဲ့ ဆောင်ရွက်တာဖြစ်တာကြောင့် အချိန်တိုအတွင်း ဆန္ဒမဲပေးနိုင်ခြင်းနဲ့ မဲရလဒ်ရရှိခြင်းတွေကိုရရှိမှာဖြစ်ပြီး တစ်ရက်နှစ်ရက်အတွင်း မဲစာရင်းတွေကို အတည်ပြုဆောင်ရွက်နိုင်ပြီး တစ်လအတွင်း ရွေးကောက်ပွဲပြုလုပ်လို့ရတဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲပြီးမြောက်နိုင်မယ်လို့လည်း ပြောပါတယ်။


“မည်သို့ပင် ဖြစ်စေ လာမည့်နှစ်ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီး ရန်လိုကြောင်း” ဆိုပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သတိပေးပြောပါတယ်။


၂၀၂၅ အလွန်မှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး အလွန်ကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်ပေါ် လာနိုင်တာကြောင့် ဘယ်လိုထိန်းကျောင်းမလဲဆိုတာ စဉ်းစားကြဖို့ကိုလည်း စစ်ကောင်စီအဖွဲ့ဝင်တွေကို စစ်ခေါင်းဆောင်က မှာနေပါတယ်။


မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လေ့လာစောင့်ကြည့်မှတ်တမ်းတင်နေတဲ့ BNI-Myanmar Peace Monitorရဲ့ အခုလအတွင်းထုတ်ပြန်တဲ့ “ရွေးကောက်ပွဲအသစ် ဖြစ်တန်ချေနှင့် တော်လှန်ရေး၏ လားရာ”အစီရင်ခံစာမှာတော့ ရွေးကောက်ပွဲကျင်းပရာနယ်မြေ၊ မဲပေးသူအရေအတွက်တွေကို ဥပ‌ဒေ‌ကြောင်းအရ သတ်မှတ်ထားခြင်း ကန့်သတ်ထားခြင်းမရှိတဲ့အတွက် စစ်ကောင်စီဟာ ရွေးကောက်ပွဲကို ရှေ့ခုနှစ်အိမ်၊ နောက်ခုနှစ်အိမ် သဘောမျိုးနဲ့ မည်ကာမတ္တမဲဆန္ဒနယ်ကိုသာ ကျင်းပပြီး အထမြောက်အောင်ပြုလုပ်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။


စစ်ကောင်စီရဲ့အပြောအရတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာ ဒုတိယပတ်၊ တတိယပတ် ဒါမှမဟုတ် ၂၀၂၆ခုနှစ် ဇန်နဝါရီ ပထမပါတ်နဲ့ ဒုတိယပတ်တို့မှာ ကျင်းပနိုင်ရေးဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။


၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲဟာ မဲမသမာမှုတွေရှိတယ်ဆိုပြီး တိုင်းပြည်အာဏာကိုလုယူထားတဲ့ အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဟာ အထွေထွေရွေးကောက်ပွဲပြုလုပ်ပြီး အနိုင်ရပါတီကို အာဏာလွှဲပြောင်းပြီးမှသာ စစ်ကောင်စီရဲ့လုပ်ငန်းဆောင်တာတွေအထမြောက်ပြီးမြောက်မှာ ဖြစ်တာကြောင့် အခုပြုလုပ်မယ့်ရွေးကောက်ပွဲဟာ စစ်အုပ်စုအတွက် ထွက်ပေါက်ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးထွက်ပေါက်အဖြစ်ကျင်းပမယ့် စစ်ကောင်စီရဲ့အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ NUG၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားကြပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page