ရန်ကုန်လေဆိပ်အနီး ရဲဝန်ထမ်းအိမ်ရာက ရဲကင်းကို Dark Shadow အဖွဲ့က ဗုံးခွဲတိုက်ခိုက်
- BVJ

- Apr 25
- 1 min read
BVJ/ဇော်_ဧပြီ ၂၅ ၊ ၂၀၂၅

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ကြံခင်းစုရပ်ကွက် လေဆိပ်လမ်းသွယ်မှာရှိတဲ့ ရဲကင်းတစ်ခုကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Dark Shadow က ဒီနေ့ ဧပြီ ၂၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
ကြံခင်းစုရပ်ကွက် အသံလွှင်ရုံလမ်းမ (လေဆိပ်လမ်းမ) ရဲဝန်ထမ်းအိမ်ရာအနီးမှာရှိတဲ့ ရဲကင်းစခန်းတစ်ခု ဗုံးခွဲတိုက်ခိုက်ခံရပြီး အခင်းဖြစ်ပွားပြီးချိန် ရန်ကုန်လေဆိပ်အဝင်လမ်းတွေကို စစ်ကောင်စီက ပိတ်ဆို့ထားခဲ့တယ်လို့လည်း မြောက်ဥက္ကလာပဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့ညက လေဆိပ်ရဲလိုင်းခန်း လေးထပ်ဆောင်နားမှာကွဲတာ။ ပေါက်ကွဲမှုဖြစ်ပြီးပြီးချင်း လေဆိပ်အဝင်လမ်းတွေကို ပိတ်ထားတယ်။ အဲ့နားမှာ ရဲကင်းတစ်ခုရှိတယ်၊ ထိခိုက်မှုရှိလား မရှိလားတော့ ကျွန်တော်တို့လည်း မသိရဘူး” လို့ ဒေသခံက Burma VJ ကို ပြောပါတယ်။
ရန်ကုန်လေဆိပ်အနီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ရဲကင်းကို Dark Shadow အဖွဲ့က မနေ့ ဧပြီ ၂၄ ရက် ည ၇ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ Dark Shadow အဖွဲ့ တာဝန်ခံ ရဲဘော်ပန်ဒါကလည်း Burma VJ ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်ကလည်း မြောက်ဒဂုံမြို့နယ် ၄၃ ရပ်ကွက် မင်းရဲကျော်စွာလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးအနီးကို Dark Shadow အဖွဲ့က အဝေးထိန်းမိုင်းအသုံးပြုကာ ဖောက်ခွဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါသေးတယ်။







Comments