ရန်ကုန်မှာ အမျိုးသမီးစစ်မှုထမ်းအတွက် အကြပ်ကိုင်ငွေကြေးတောင်းခံမှုတွေရှိနေ
- BVJ

- Feb 17
- 1 min read
BVJ/ယူဂရင်း_ ဖေဖော်ဝါရီ ၁၇၊ ၂၀၂၅

အမျိုးသမီးတွေကိုပါစစ်မှုထမ်းဖို့ စာရင်းကောက်နေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာပြီးနောက် စစ်ကောင်စီလက်အောက်ခံရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဝင်တွေဟာ အကြပ်ကိုင်ငွေကြေးတောင်းရမ်းမှုတွေရှိနေတယ်လို့ ရန်ကုန်မြို့တွင်းနေထိုင်သူတွေဆီက သိရပါတယ်။
အခုနှစ် ဇန်နဝါရီလ ဒုတိယပတ်လောက်ကစပြီး ရန်ကုန်တိုင်း သန်လျင်၊ ကျေက်တန်း၊ ခရမ်း၊ သုံးခွ၊ ဒေါပုံ၊ သာကေတ၊ လှိုင်သာယာနဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း) စတဲ့ မြို့နယ်တွေမှာ စစ်မှုထမ်းဖို့အကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အကြား အမျိုးသမီးတွေစာရင်းကို စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ကောက်ယူမှုတွေရှိခဲ့ပြီးနောက်ပိုင်း အမျိုးသမီးတွေစစ်မှုထမ်းဖို့နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကာယကံရှင်တွေနဲ့မိသားစုဝင်တွေက ဒီအပေါ်မှာ စိုးရိမ်ပူပန်မှုတွေရှိခဲ့ကြပါတယ်။
အဲ့ဒီနောက်ပိုင်းမှာ စာရင်းကောက်ယူထားတဲ့ မိသားစုတွေဆီကနေ သက်ဆိုင်ရာမြို့နယ်အာဏာပိုင်တွေက ငွေတောင်းယူမှုလုပ်နေတာတွေရှိတယ်လို့ သာကေတမြို့နယ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
“ကောင်မလေးက အသက်၂၀စွန်းစွန်းလေး စစ်မှုထမ်းမလိုက်ချင်ရင် ငွေပေးရမယ်ဆိုပြီး ငါးသိန်းတောင်းတယ်တဲ့။ ကောင်မလေးမိသားစုကလည်း ပိုလျံတဲ့မိသားစုမျိုးမဟုတ်တော့ မပေးနိုင်တော့ တငိုငိုတရယ်ရယ်ဖြစ်နေကြတယ်”လို့ Burma VJကို ပြောပါတယ်။
စစ်ကောင်စီအဖွဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အမျိုးသမီးတွေလည်း စစ်မှုထမ်းဖို့အကျုံးဝင်ပေမဲ့ အမျိုးသမီးစစ်မှုထမ်းဆင့်ခေါ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ စစ်ကောင်စီသတင်းဌာနတွေမှာ အခုလ ၇ရက်နေ့ကပြောထားပါသေးတယ်။
အမျိုးသမီးတွေကို စစ်မှုထမ်းမခေါ်သေးဘဲ စာရင်းကောက်ယူနေတာတွေဟာ စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေက ငွေညှစ်ဖို့အတွက်သာဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။
လက်ရှိမှာ စာရင်းကောက်ယူအတွင်းပါဝင်တဲ့ အမျိုးသမီးတွေရဲ့မိသားစုတွေဆီကနေ ငွေကြေးကောက်ယူမှုဟာ ငွေကျပ်တစ်သိန်းကနေ ဆယ်သိန်းကြားရှိနေတယ်လို့လည်း ရန်ကုန်ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီအဖွဲ့တွေဟာ အမျိုးသားတွေစစ်မှုထမ်းစာရင်းကောက်ယူမှုမှာလည်း လူစားထိုးပြောင်းလဲဖို့အတွက်ဆိုပြီး အိမ်တစ်အိမ်ကို ငွေကျပ်တစ်သိန်းကနေ ငါးသိန်းအထိ တောင်းယူခဲ့ကြတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရတဲ့ ကာယကံရှင်တစ်ဦးက Burma VJကိုပြောထားပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတဝန်းက သင်တန်းကျောင်းတွေမှာ စစ်မှုထမ်းသင်တန်း အပါတ်စဉ် (၉)အထိ ဖွင့်လှစ်ထားပြီး လက်ရှိမှာ အပါတ်စဉ်(၁၀)သင်တန်းသားတွေကို ပို့ဆောင်နေပြီဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။







Comments