ရန်ကုန်၊ပဲခူးစိုးမိုးရေး တိုက်ပွဲစတင်ဖို့ PDFတွေတပ်နေရာရွှေ့
- BVJ

- Feb 25
- 1 min read
BVJ/ယူဂရင်း_ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅

ရန်ကုန်နဲ့ပဲခူးတိုင်းတို့ကို ပြန်လည်စိုးမိုးဖို့အတွက် တိုက်ပွဲဖော်ဆောင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
ရန်ကုန်ကိုဦးတည်မယ့် စစ်ရေးဖော်ဆောင်မှုတွေအတွက် တပ်ရွှေ့ပြောင်းမယ့်တပ်ရင်းတပ်ဖွဲ့တွေကို ပြည်ထောင်စုဝန်ကြီးချုပ်က သွားရောက်တွေ့ဆုံချိန်မှာပြောခဲ့တာဖြစ်ပါတယ်။
“ငါတို့အစိုးရရဲ့ ရည်ရွယ်ချက်ကတော့ အတွင်းထဲဝင်ပြီးတော့ ရန်ကုန်၊ ပဲခူး ဒီဒေသတွေပြန်လည် စိုးမိုးဖို့ ရည်ရွယ်ချက်ရှိတယ်။ ဒီအတွက်လည်း တပ်တွေကို နေရာရွှေ့တာ၊ ဒီနေ့ရွှေ့တာက တပ်ထွက်တာပဲ။ တိုက်ပွဲတွေစတော့မယ်ပေါ့။ မင်းတို့လည်း သင်တန်းတွေပြီးသွားပြီ။ အတွေ့အကြုံတွေလည်း အများကြီးရှိသွားပြီ။ မင်းတို့ကြံ့ကြံ့ခံနိုင်တဲ့အတွက်လည်း အများကြီးဂုဏ်ပြုတယ်။ တပ်ထွက်တာက ခရီးကြမ်းဖြစ်တာကြောင့် ဒဏ်ခံနိုင်မယ်လို့လည်း ယုံကြည်တယ်"လို့တွေ့ဆုံခဲ့တဲ့ PDF တောင်ပိုင်းစစ်ဒေသ လက်ရုံးတပ်ဖွဲ့ (SOF) တပ်ဖွဲ့ဝင်တွေကို ဝန်ကြီးချုပ်က ပြောပါတယ်။
ဒါ့အပြင် အာဏာရှင်စနစ်ပျောက်မှ ဖွံ့ဖြိုးတိုးတက်မှာဖြစ်တဲ့အတွက် ရည်ရွယ်ချက်တွေ၊ခံယူချက်တွေမပျောက်စေဖို့နဲ့ သွေးခွဲတာတွေကိုလည်း နားမယောင်ဖို့ကိုလည်း ဝန်ကြီးချုပ်က မှာနေပါတယ်။
“အခုချိန်မှာ အောင်မြင်မှုတွေကအများကြီးရနေပြီ။ အောင်မြင်မှုတွေရတဲ့အခါမှာ သွေးခွဲတာတွေက များလာတယ်။ PDFတွေနဲ့ငါတို့အစိုးရအဖွဲ့ကိုခွဲမယ်၊ တိုင်းရင်းသားတွေနဲ့လည်းခွဲတယ်။ အဲ့ဒါတွေကို နားမယောင်ပါနဲ့။ မင်းတို့ခေါင်းထဲမှာအမြဲတမ်းထည့်ထားရမှာက အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့က ပထမ၊ဒုတိယ၊ တတိယဆိုတာပဲ ဦးနှောက်ထဲထည့်ထားပါ။ မဟုတ်လို့ရှိရင်တော်လှန်ရေးက နှောင့်နှေးသွားမှာ အခုလေးနှစ်ရှိလာပြီမို့ နှောင့်နှေးလို့မရတော့ဘူး”
ညီညွတ်မှုတွေကြောင့် တော်လှန်ရေးဟာ အောင်မြင်လုနီးပါးနဲ့ စစ်ကောင်စီပြုတ်ကျလုနီးပါးဖြစ်နေပြီး ညီညွတ်မှုပြိုကွဲရင် တော်လှန်ရေးနှောင့်နှေးသွားမယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
ဝန်ကြီးချုပ်နဲ့တွေ့ဆုံမှုအတွင်း ရန်ကုန်ကိုဦးတည်နေတဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာ SOF တပ်ဖွဲ့ဝင်တွေအပြင် ရန်ကုန် PDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ ၄၊တပ်ရင်း(၅၁၀၁)၊တပ်ရင်း(၅၁၀၂) တို့လည်း ပါဝင်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသရဲ့ လက်ရုံးအထူးတပ်ဖွဲဖြစ်တဲ့ P29999- အထူးစစ်ဆင်ရေးတပ်ဖွဲ - SOFရဲ့ အပတ်စဥ် (၇)၊ အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲကို ပြီးခဲ့လ ဇန်နဝါရီ ၃၁ရက်က ကရင်ပြည်နယ်လွတ်မြောက်တနေရာမှာ ပြုလုပ်ခဲ့ပါတယ်။
သင်တန်းမှာ သင်တန်းသား ၂၅၀ပါဝင်ခဲ့ပြီး အဲ့ဒီသင်တန်းဆင်းရဲဘော်တွေဟာ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီနဲ့ မွန်ပြည်နယ်စစ်ဆင်ရေးတွေမှာ သက်ဆိုင်ရာ စစ်ကြောင်း/တပ်ရင်းအလိုက် အထူးစစ်ဆင်ရေးတာဝန်တွေကို ထမ်းဆောင်သွားရမှာဖြစ်တယ်လို့ SOFကထုတ်ပြန်ခဲ့ပါတယ်။







Comments