ရန်ကုန်ကနေ ဘင်္ဂလားဒေ့ရှ်ကိုလာတဲ့ ကုန်တင်သင်္ဘော ၃ စီးကို AA ထိန်းသိမ်း
- BVJ

- Jan 19
- 1 min read
BVJ/Moore _ ဇန်နဝါရီ ၁၈ ၊ ၂၀၂၅

ရန်ကုန်ဆိပ်ကမ်းကနေ ကုန်ပစ္စည်းတွေ တင်ဆောင်လာပြီး ဘင်္ဂလားဒေ့ရှ် Teknaf ဆိပ်ကမ်းကို ဦးတည်လာတဲ့ ကုန်တင်သင်္ဘော ၃ စင်းကို အာရက္ခတပ်တော် (AA) က နတ်မြစ်ဝမှာ တားဆီးစစ်ဆေးပြီး ထိန်းသိမ်းထားတယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာန Dhaka Tribune က ဒီနေ့ ဇန်နဝါရီ ၁၈ ရက်မှာ ဖော်ပြထားပါတယ်။
ကုန်တင်သင်္ဘော ၃ စင်းဟာ ငါးခြောက်၊ ကွမ်းရွက်၊ ကော်ဖီနဲ့ အခြားကုန်ပစ္စည်း စုစုပေါင်း အိတ်ပေါင်း ၅၀၀၀၀ ကျော် တင်ဆောင်လာပြီး နတ်မြစ်ဝကို ဝင်ရောက်လာချိန်မှာ ဇန်နဝါရီ ၁၆ ရက် နေ့လည်ပိုင်းမှာ AA က တားဆီးစစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။
AA ထိန်းသိမ်းထားတဲ့ ကုန်တင်သင်္ဘော ၃ စင်းရဲ့အခြေအနေနဲ့ပတ်သက်ပြီး မနေ့ ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်းအထိ ဘာသတင်းအချက်အလက်မှ ထပ်မံမသိရသေးဘူးလို့လည်း Teknaf ဆိပ်ကမ်း တာဝန်ရှိသူတစ်ဦးရဲ့ပြောစကားကို ကိုးကားပြီး Dhaka Tribune ဖော်ပြထားပါတယ်။
“အခုထိတော့ ကုန်တင်သင်္ဘောတွေကို အာရက္ခစစ်တပ် (တပ်တော်) က ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ကုန်တင်သင်္ဘောတွေ နတ်မြစ်ဝ ရောက်တဲ့အချိန်မှာ သူတို့က တားဆီးစစ်ဆေးပြီး ခေါ်ဆောင်သွားတာပါ။ ကုန်တင်သင်္ဘောတွေက Teknaf ဆိပ်ကမ်းလာတာပါ”လို့ Teknaf ဆိပ်ကမ်း တာဝန်ခံလည်းဖြစ် United Land Port Limited ရဲ့ အထွေထွေမန်နေဂျာလည်းဖြစ်တဲ့ Mohammad Jasim Uddin Chowdhury က ပြောပါတယ်။

ရန်ကုန်ကနေလာတဲ့ ကုန်တင်သင်္ဘော ၃ စင်းကို AA က ထိန်းသိမ်းထားတယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေရဲ့ ဖော်ပြမှုနဲ့ပတ်သက်ပြီး အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
အာရက္ခတပ်တော် (AA) က မောင်တောမြို့နယ်အပါဝင် ရခိုင်ပြည်နယ်အတွင်း မြို့ပေါင်း ၁၄ မြို့ကို သိမ်းယူထိန်းချုပ်ခဲ့ပြီးချိန် နတ်မြစ်တစ်လျှောက် ရေကြောင်းကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း နတ်မြစ်ကနေ ဘင်္ဂလားဒေ့ရှ် Teknaf ဆိပ်ကမ်းကို မြန်မာဘက်နေ ကုန်တင်သင်္ဘော ဝင်ရောက်မှုမရှိတော့ဘဲ အခု ပထမဆုံးအကြိမ် ပြန်လည်ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်ကလည်း AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် မောင်တောဆိပ်ကမ်းကနေ ဆန်အိတ် ၃၈၀ (မက်ထရစ် ၁၉ တန်) ကို AA အခွန်ပြေစာနဲ့အတူ Teknaf ဆိပ်ကမ်းကို ကုန်သည်တစ်ဦးက ပို့ဆောင်ခဲ့ပါသေးတယ်။ AA အခွန်ပြေစာနဲ့ ရောက်ရှိလာတဲ့ ဆန်အိတ်တွေကို Teknaf ဆိပ်ကမ်းတာဝန်ရှိသူတွေက လက်မခံသေးဘဲ ထိန်းသိမ်းထားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေကို တင်ပြထားတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် သတင်းဌာနတွေက ဖော်ပြထားပါတယ်။







Comments