top of page

ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစော ကွယ်လွန်ခြင်းအောက်မေ့ဖွယ်အခမ်းအနားပြုလုပ်

  • Writer: BVJ
    BVJ
  • May 11
  • 1 min read

BVJ/အိုင်းရစ် _ မေ ၁၁ ၊ ၂၀၂၅


ree

ရခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) နိုင်ငံရေးမှူး၊ ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစော ကွယ်လွန်ခြင်း အောက်မေ့ဖွယ်အခမ်းအနားကို ဒီနေ့ မေလ ၁၁ က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။


မြောက်ဦးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်တစ်ဦးလည်းဖြစ်တဲ့ ဦးဦးလှစော (၇၂ နှစ်) ဟာ အခု မေ ၅ ရက် ည ၁၁ နာရီ ၄၆ မိနစ်က လည်ချောင်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပြီး ရခိုင်ပြည်နယ် လွတ်မြောက်နယ်မြေတစ်နေရာမှာ မေ ၇ ရက်က သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။


ဦးဦးလှစောကွယ်လွန်ခြင်း အောက်မေ့ဖွယ်အခမ်းအနားကို မဲဆောက်မှာရှိနေတဲ့ ရခိုင်လူမျိုးတွေအပါအဝင် နိုင်ငံရေးသမားတွေ၊ နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်တွေ၊ တက်ကြွလှုပ်ရှားသူတွေ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။


ဒါ့အပြင် ဦးဦးလှစောနဲ့အတူ နိုင်ငံရေးလမ်းကြောင်း အတူဖြတ်သန်းခဲ့တဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေကလည်း ဦးဦးလှစောရဲ့ နိုင်ငံရေးဖြတ်သန်းမှုနဲ့ အတွေ့အကြုံ အမှတ်တရအကြောင်းတွေ ပြောကြားခဲ့ကြပြီး ဦးဦးလှစောဟာ လူသားတစ်ယောက်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ ရိုးသားတဲ့ဂုဏ် ၁၀၀ ရာခိုင်နှုန်းရှိတဲ့သူဖြစ်တယ်လို့လည်း ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုက ဝါရင့်နိုင်ငံရေးသမားဟောင်း ဦးဇော်ငြိမ်းလတ်တို့ကလည်း ပြောကြားခဲ့ပါတယ်။



ဦးဦးလှစောကို ၁၉၅၃ ခုနှစ် မေလ ၂၇ ရက်က အဖ ဦးအောင်လှဇံ၊ အမိ ဒေါ်စံသာဖြူတို့က စစ်တွေမြို့မှာ မွေးဖွားခဲ့ပြီး မောင်နှမ ၇ ဦးထဲ အကြီးဆုံးသားတစ်ဦးလည်း ဖြစ်ပါတယ်။ ရန်ကုန် စက်မှုတက္ကသိုလ်ကို တက်ရောက်ခဲ့ပြီး ၁၉၆၉ ကျွန်းဆွယ်အရေးအခင်းမှာပါဝင်ခဲ့ပါသူလည်း ဖြစ်ပါတယ်။


၁၉၇၅ ခုနှစ် ရွှေတိဂုံအထွေထွေသပိတ်မှာပါဝင်ခဲ့ချိန် ဖမ်းဆီးခံခဲ့ရပြီး စစ်ခုံရုံးက ထောင်ဒဏ် ၉ နှစ် ပထမဆုံးအကြိမ် ချမှတ်ခံခဲ့ရကာ ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးအခင်းမှာ ထပ်မံဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၄ နှစ်အထိ ထပ်မံချမှတ်ခံခဲ့ရပေမဲ့ တစ်နှစ်သာ ထောင်ထဲမှာနေခဲ့ရပြီး ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။


 ၁၉၈၉ ခုနှစ် အောက်တိုဘာလက စစ်တွေမြို့မှာပြုလုပ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ ပထမအကြိမ် ညီလာခံမှာ ALD ပါတီ စစ်တွေ(ဗဟိုခွဲ) အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။ ၂၀၁၀ ခုနှစ်မှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) မှာ အထွေထွေအတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ် သံတွဲညီလာခံမှာ ALD နဲ့ RNDP ပါတီ ပေါင်းစည်းရေးကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။


၂၀၁၅ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ မြောက်ဦးလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ULA/AA မှာ နိုင်ငံရေးမှူးတာဝန်ကို ကွယ်လွန်ချိန်အထိ တာဝန်ထမ်းဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။


ဦးဦးလှစောဟာ ဝါရင့်နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်သလို စာပေအနုပညာဘက်မှာလည်း ကဗျာ၊ အက်ဆေး၊ ဆောင်းပါး၊ စာတမ်းငယ်နဲ့ ဘာသာပြန်စာအုပ်တွေကိုလည်း ရေးသားခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဦးဦးလှစော ကွယ်လွန်ခြင်းအပေါ် နိုင်ငံရေးသမားအသိုင်းအဝိုင်းနဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page