ရခိုင်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီး
- BVJ

- Mar 8
- 1 min read
BVJ/ထက်အောင် _ မတ် ၈ ၊ ၂၀၂၅

ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ စစ်တွေမြို့တို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် နှစ်ရက်အတွင်း အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ Arakan Princess Media က ကောက်ယူထားတဲ့စာရင်းများအရ သိရပါတယ်။
ကျောက်ဖြူမြို့နယ် ဦးကင်းရွာ၊ ကြတ္တိန်အောက်ရွာနဲ့ စစ်တွေမြို့နယ် ဝါဘိုရွာကို အခု မတ်လ ၆ ရက်၊ ၇ ရက် နှစ်ရက်အတွင်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဦးကင်းရွာက နေအိမ် ၁၄၀ ကျော်၊ ကြတ္တိန်အောက်ရွာက နေအိမ် ၃၅ လုံးကျော်နဲ့ ဝါဘိုရွာက နေအိမ် ၃၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တာလည်း ဖြစ်ပါတယ်။
ကျောက်ဖြူမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဒရုန်းနဲ့လည်း ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး စစ်တွေမြို့နယ် ဝါဘိုရွာကို ဒရုန်း ၁၀ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ကျောက်ဖြူမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပြင် ဓညဝတီရေတပ်စခန်းဌာနကနေ ဒရုန်းနဲ့လည်း နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အိမ်ခြေ ၁၇၀ ကျော်ရှိတဲ့ ဦးကင်းရွာ တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့တာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့တို့ကလွဲပြီး ကျန်မြို့နယ်အားလုံးကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားချိန် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ စစ်တွေမြို့အနီးမှာ နှစ်ဖက်စစ်ရေး တင်းမာနေပြီး လက်နက်ကြီးပစ်ခတ်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေတာတွေလည်း ရှိနေပါတယ်။



















Comments