ရခိုင်ပြည်နဲ့ ထိစပ်နေတဲ့ တိုင်းသုံတိုင်းအစပ်က စစ်ကောင်စီစခန်းတွေ AA တိုက်ခိုက်သိမ်းပိုက်
- BVJ

- Jan 28
- 1 min read
BVJ/အေတီ _ ဇန်နဝါရီ ၂၇ ၊ ၂၀၂၅

ရခိုင်ပြည်နဲ့ထိစပ်နေတဲ့ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်း အစပ်က စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ကြောင်း အာရက္ခတပ်တော် AA က ဇန်နဝါရီ ၂၇ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ရက္ခိုင်ရိုးမတစ်လျှောက်က စစ်ကောင်စီလက်ကျန်စခန်းတွေ ကို AA တပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းနယ်စပ် တောင်ကုတ်မြို့က စစ်ကောင်စီရဲ့ မိုးထိတောင်စခန်းကို ဇန်နဝါရီ ၂၆ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြောင်း အထက်ပါ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မိုးထိတောင်စခန်းကို ဇန်နဝါရီလ၂၁ရက်နေ့ က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၆ရက်အကြာ ဇန်နဝါရီ၂၆ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း AAရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပဲခူးတိုင်းဖက်ကနေ စစ်ကောင်စီတပ်တွေက တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ပဲခူးတိုင်း-ရက္ခိုင် အစပ်နေရာတွေမှာ တိုက်ပွဲတွေနေ့စဥ်ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၂၆ရက်နေ့မှာ ဧရာဝတီ-ရက္ခိုင်အစပ် ဧရာဝတီတိုင်းအတွင်းက စစ်ကောင်စီတပ် ပွိုင့်(၂၆၃)စခန်း၊ ဇန်နဝါရီ၂၁ရက်နေ့က ပွိင့် (၃၆၉) စခန်းတွေကိုပါ သိမ်းပိုက်ထားပါတယ်။ AAတပ်ဖွဲ့က သိမ်းပိုက်ထားတဲ့ ပွိင့် (၂၆၃) စခန်းကို စစ်ကောင်စီက ဒီနေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်၊ နေ့လယ် (၁) နာရီ (၃၈) မိနစ်မှာ လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေနှင့် အတူ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မကွေးတိုင်း၊ ငဖဲမြိုနယ်၊ ဂုတ်စီးရိုးကျေးရွာအနီး (အမ်း-ပဒါန်း ကားလမ်းမထက်)မှာ စစ်ကောင်စီရဲ့ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉) ၊ (၁၄) တပ်ရင်း ပူးပေါင်းစစ်ကြောင်းနဲ့ အာရက္ခ တပ်တော်AA တို့ ဇန်နဝါရီ၂၇ရက် ဒီနေ့မှာ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ် ။ AAတပ်ရဲ့ တန်ပြန်ခုခံစစ်ကို မယှဉ်နိုင်တဲ့အတွက် စစ်ကောင်စီတပ် ရန်သူသည် ဂုတ်စီးရိုးကျေးရွာဘက်ကို ဆုတ်ခွာသွားခဲ့ရပါတယ်။ ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ကို AAတပ်ဖွဲ့က လိုက်လံ ရှင်းလင်း တိုက်ခိုက်ခဲ့ပြီး ရန်သူ့အလောင်းနှင့် လက်နက်ခဲယမ်းအချို ထပ်မံသိမ်းဆည်း ရမိခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော်AAက သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တစ်ဝိုက်မှာလည်း စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ စနိုက်ဘာများဖြင့် တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသကဲ့သို လေကြောင်း၊ ရေကြောင်းများမှ လည်း ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုတွေ နေ့စဥ်နီးပါး ရှိနေပါတယ်။













Comments