မြဝတီ BGF စခန်းက အိန္ဒိယနိုင်ငံသား ၅၄၇ ဦး အိန္ဒိယအစိုးရ ပြန်လည်ခေါ်ယူ
- BVJ

- Mar 19
- 1 min read
BVJ/အိုင်းရစ် _ မတ် ၁၀ ၊ ၂၀၂၅

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းသိမ်းရေး စခန်းတွေမှာ ရှိနေတဲ့ အိန္ဒိယနိုင်ငံသား ၅၄၇ ဦးကို အိန္ဒိယအစိုးရက ထိုင်းနိုင်ငံ မဲဆောက်ကနေတဆင့် ပြန်လည်ခေါ်ယူမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒီနေ့ မတ်လ ၁၀ ရက်မှာ အိန္ဒိယနိုင်ငံသား ၂၈၃ ဦးကို ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ မဲဆောက်လေဆိပ်ကို မှန်လုံခရီးသည်တင်ကားများနဲ့ ပို့ဆောင်ခဲ့ပြီး အိန္ဒိယအစိုးရက Indian Air Force စစ်တပ်လေယာဉ်နဲ့ လာရောက်ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။
မနက်ဖြန် မတ်လ ၁၁ ရက်မှာလည်း ကျန်ရှိနေသေးတဲ့ အိန္ဒိယနိုင်ငံသား ၂၆၄ ဦးကို ထပ်မံခေါ်ယူဖို့ ရှိနေတယ်လို့ သိရပါတယ်။ မြဝတီမြို့နယ် ရွှေကုက္ကို၊ KK Park နဲ့ ကျောက်ခတ်တို့မှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေကို နှိမ်နင်းရေးစီမံချက်နဲ့ဆောင်ရွက်ချိန် တရုတ် စီးပွားရေးလုပ်ငန်းတွေထဲမှာ ကျားဖြန့်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ထောင်နဲ့ချီကို BGF နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တို့က ထိန်းသိမ်းထားတာလည်း ဖြစ်ပါတယ်။
BGF နဲ့ DKBA တို့ ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားတွေထဲက တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ အီသီယိုပီးယားနိုင်ငံသားတွေနဲ့ တချို့နိုင်ငံတွေက နိုင်ငံခြားသားတွေ ထိုင်းအာဏာပိုင်တွေထံ လွှဲပြောင်း ပေးမှုတွေရှိနေပေမဲ့ နိုင်ငံခြားသားအများအပြားဟာ ထိန်းသိမ်းရေးစခန်းတွေမှာ ကျန်ရှိနေသေးတာလည်း ဖြစ်ပါတယ်။
နိုင်ငံခြားသားထောင်နဲ့ချီ ထိန်းသိမ်းရေးစခန်းတွေမှာ ကျန်ရှိနေပြီး သက်ဆိုင်ရာနိုင်ငံ တာဝန်ရှိသူ တွေအနေနဲ့လည်း မိမိတို့နိုင်ငံသားကို အမြန်ဆုံးပြန်လည်ခေါ်ယူဖို့နဲ့ ကာလရှည် ထိန်းသိမ်းထားရတဲ့အတွက် အခက်အခဲဖြစ်မှုတွေရှိနေတယ်လို့လည်း BGF နဲ့ DKBA တာဝန်ရှိသူတွေက သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။























Comments