မြဝတီမြို့အခြေစိုက် ကျားဖြန့်ဂိုဏ်းကြီး ၃၆ ခု ကို နှိမ်နင်းဖို့ ထိုင်းနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ တရုတ်အစိုးရ ပြော
- BVJ

- Jan 29
- 1 min read
BVJ/Moore _ ဇန်နဝါရီ ၂၈ ၊ ၂၀၂၅

မြန်မာနိုင်ငံ မြဝတီမြို့နယ်အတွင်းမှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းကြီး ၃၆ ခုကို ရှာဖွေနှိမ်နင်းဖို့ ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ တရုတ်ပြည်သူ့ လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး Liu Zhongyi က ပြောကြားခဲ့ပါတယ်။
ထိုင်း ဆိုက်ဘာမှုခင်းစုံစမ်းရေးဗျူရို (CCIB) ကော်မရှင်နာ ရဲမှူးချုပ် Trairong Phiwpan နဲ့ တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး Liu Zhongyi တို့ နွန်ထာဘူရီခရိုင်မှာ မနေ့ (ဇန်နဝါရီ ၂၇ ရက်) က အွန်လိုင်းငွေကြေးလိမ်လည်မှုအရေးနဲ့ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ကျားဖြန့်ဂိုဏ်းကြီးတွေမှာ အလုပ်လုပ်ကိုင်နေသူပေါင်း ၁၀၀၀၀ ထက်မနည်းရှိနေပြီး ဖုန်းလိမ်လည်ခေါ်ဆိုမှုတွေ လုပ်ဆောင်ကာ နစ်နာသူတွေထံကနေ ငွေကြေး လိမ်လည်မှုတွေလုပ်ဆောင်နေတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားလုပ်ဆောင်နေတယ်လို့ Liu Zhongyi က ဆိုပါတယ်။
ထိုင်းနိုင်ငံနယ်စပ် မြဝတီမြို့အတွင်းမှာ အခြေစိုက်လုပ်ကိုင်နေတဲ့ တရုတ်ငွေလိမ်ဂိုဏ်းတွေကို ရှာဖွေနှိမ်နင်းရာမှာ ထိုင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့အတွက် Liu Zhongyi က ထိုင်းနိုင်ငံကို ရောက်ရှိလာတာဖြစ်ပါတယ်။
ကျားဖြန့်ဂိုဏ်းတွေဟာ တရုတ်နိုင်ငံသားတွေကို နည်းလမ်းမျိုးစုံနဲ့ ဖျားယောင်းခေါ်ဆောင်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ကနေတဆင့် မြန်မာနိုင်ငံထဲကို ခေါ်ဆောင်သွားကာ အဓမ္မခိုင်းစေမှုတွေနဲ့ လူမဆန်အောင် နှိပ်စက်မှုတွေ လုပ်ဆောင်နေသလို အချို့ဟာ အကြမ်းဖက်ကျူးလွန်ခံရမှုအတွင်း သေဆုံးခဲ့ရတာတွေလည်း ရှိတယ်လို့ Liu Zhongyi က ပြောပါတယ်။
အခုလဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ တရုတ်မင်းသား ဝမ်ရှင်းဖြစ်ရပ်အပါအဝင် တရုတ်နိုင်ငံသားအချို့ လူကုန်ကူးခံရမှုဖြစ်စဉ်ကြောင့် တရုတ်ခရီးသည်တွေ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ဖို့ စိုးရိမ်မှု တွေရှိခဲ့ပြီး အကျိုးဆက်အနေနဲ့ ထိုင်းနိုင်ငံတွင်း ခရီးသွားဝင်ရောက်မှု ကျဆင်းခဲ့တယ်လို့ Liu Zhongyi က ဆက်ပြောပါတယ်။
လက်ရှိမှာ ကျားဖြန့်ဂိုဏ်းခေါင်းဆောင်တွေကို မြန်မြန်ဆန်ဆန် ဖမ်းဆီးနိုင်ဖို့ တရုတ်ကိုယ်စားလှယ်အဖွဲ့က CCIB ကို တောင်းဆိုခဲ့ပြီး တရုတ်မင်းသား ဝမ်ရှင်းဖြစ်ရပ်အတွင်း ပတ်သက်ဆက်နွယ်သူ ၂၀ ဝန်းကျင်ကိုလည်း တရုတ်အစိုးရထံ လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် လူကုန်ကူးခံရပြီး ကျားဖြန့်ဂိုဏ်းတွေကို ဖမ်းဆီးနှိပ်စက်ခံနေရတဲ့ တရုတ်နိုင်ငံသားတွေ အမြန်ဆုံး လွတ်မြောက်ရေးကိုလည်း ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ လူကုန်ကူးဂိုဏ်းတွေ အသုံးပြုနေတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကိုလည်း ပိတ်ဆို့နိုင်ဖို့ တောင်းဆိုခဲ့ပြီး ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းနိုင်ဖို့အတွက် ထိုင်း-တရုတ် နှစ်နိုင်ငံ တာဝန်ရှိသူတွေ ပေါင်းစပ်ညှိနှိုင်းရေးစင်တာတစ်ခုကိုလည်း လုပ်ဆောင်သွားဖို့ကိုလည်း တရုတ်ကိုယ်စားလှယ်အဖွဲ့က အဆိုပြုထားပါတယ်။
Ref: Bangkok Post







Comments